ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်တယ်ဆိုပါက အရေးယူမည်ဟုထုတ်ပြန်

စက်သုံးဆီဆိုင်တွေမှာစက်သုံးဆီပြတ်လပ်ခဲ့ရင်အရေးယူခံရမယ်လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က စက်သုံးဆီကုမ္ပဏီတွေနဲ့အရောင်းဆိုင်တွေကိုသတိပေးစာထုတ်ပြန်ထားပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးမှာစက်သုံးဆီ မပြတ်လပ်စေဖို့တင်သွင်းတဲ့ကုမ္ပဏီတွေ၊ Terminal ကုမ္ပဏီတွေ၊ စက်သုံးဆီဆိုင်တွေနဲ့ SME စက်သုံးဆီဆိုင်တွေအနေနဲ့ ကြိုတင်စီမံဆောင်ရွက်ထားရမယ်လို့ ဇွန် ၁၂ နေ့စွဲနဲ့ထုတ်ပြန်တဲ့စာမှာဖော်ပြထားပါတယ်။




မိမိဆိုင်မှာ ဆီပြတ်လပ်မယ့်အခြေအနေဖြစ်လာရင်အချိန်နဲ့တပြေးညီတာဝန်ရှိသူတွေထံဆက်သွယ်တင်ဖို့နဲ့ဒီလိုမဆောင်ရွက်ဘဲဆီပြတ်လပ်ခဲ့ရင်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကထိုက်သင့်တဲ့အရေးယူဆောင်ရွက်မယ်လို့ သတိပေးထားတာပါ။




လက်ရှိမှာ ပြည်တွင်းမှာ ဆီတင်သွင်းမှုလျော့နည်းလာလို့ ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာပါ ဆီဆိုင်တွေဆီပြတ်လပ်မှုတွေ မကြာခဏဖြစ်နေပြီး ဆီဈေးနှုန်းကြီးမြင့်တာ၊လိုအပ်တဲ့ဆီအမျိုးအစားမရှိတာ၊လိုသလောက်ဝယ်မရတာ၊အချိန်ကြာမြင့်စွာစောင့်ဆိုင်းတန်းစီဝယ်ယူရတာစတဲ့အခက်အခဲတွေ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရရပါတယ်။




အဲဒီလို MPTA ရဲ့သတိပေးချက်ဟာစက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းအပေါ်ဖိအားပိုဖြစ်စေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကဝေဖန်ပါတယ်။အလတ်စားစက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက “ဆီဆိုင်တွေ၊ အထူးသဖြင့် SME တွေကခံဘက်ချည်းပဲ။ရောင်းစရာမှမရှိတာ” ပြောပါတယ်။




န.စ.ကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လောင်စာဆီတွေ မပြတ်ပါဘူး ဆီလှောင်ကန်မှာအပြည့်ရှိတယ်။ကြည့်ချင်လိုက်ပြပေးမယ်လို့ ပြီးခဲ့တဲ့ ဇွန်၁ ရက်နေ့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာမေးမြန်းတဲ့ သတင်းထောက်ကိုပြောဆိုခဲ့ပါတယ်။