တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်၂သောင်းကျော်ထိမြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေစျေး အရောင်းအဝယ်အေးနေ

တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်၂သောင်းကျော်ထိမြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေစျေး အရောင်းအဝယ်အေးနေ

ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့်ဇွန်လဒုတိယအပတ်ငါးရက်တာကာလအတွင်း အခေါက်ရွှေတစ်ကျပ်သားကိုကျပ်နှစ်သောင်းကျော်မြင့်တက်ခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းYGEA ကထုတ်ပြန်သည့်ရွှေစျေးနှုန်းများအရသိရပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၀၃၅၀၀၀ ဖြင့် ရွှေအဖွင့်စျေးရှိခဲ့ပြီး ဇွန် ၁၁ ရက်နေ့တွင်အခေါက်ရွှေတစ်ကျပ်သားကိုငွေကျပ် ၂၀၅၅၀၀၀ ထိစျေးနှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ရွှေစျေးနှုန်းအနေဖြင့် ဇွန်လ ၇ ရက်ကတစ်အောင်စကို ၁၈၄၁ ဒေါ်လာမှာရှိခဲ့ပြီး ဇွန် ၁၁ ရက်နေ့တွင် ၁၈၇၁ဒေါ်လာကိုရောက်ရှိခဲ့သည့်အတွက်ဒေါ်လာ ၃၀ခန့်စျေးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။အဆိုပါကာလအတွင်း ပြည်တွင်းရွှေစျေးနှုန်းများသည်အမြင့်ပိုင်းစျေးတန်းတစ်ခုမှာပဲရှိနေခြင်းဖြစ်ပြီး

ဇွန်လ ၈ ရက်နေ့ကအခေါက်ရွှေတစ်ကျပ်သားကို ၂၀၄၃၀၀၀ ကျပ်၊ ဇွန်လ ၉ ရက်နေ့က ၂၀၄၅၀၀၀ ကျပ်၊ ဇွန်လ ၁၁ ရက်နေ့က ၂၀၄၂၀၀၀ကျပ်ရှိရာမှဇွန်လ ၁၁ ရက်နေ့တွင် ၂၀၅၅၀၀၀ ကျပ်သို့ရောက်ရှိလာခဲ့ကာ၂၄ နာရီအတွင်းရွှေစျေး ၁၃၀၀၀ ကျပ်စျေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။

လက်ရှိတွင်ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်မှုများကြောင့်ပြည်တွင်းရွှေစျေးနှုန်းသည်လည်းအမြင့်ပိုင်းစျေးတန်းတစ်ခုဖြစ်သည့်ကျပ်သိန်း ၂၀ ကျော်အထက်မှာပဲရှိနေတယ်လို့ YGEA အသင်းကဆိုထားပြီး ကျောင်းတက်ရာသီဖြစ်သည့်အတွက်စျေးကွက်အတွင်း ရွှေအရောင်းအဝယ်အေးနေတယ်လို့ပြောကြားထားပါတယ်။

ပြည်တွင်းမှာ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိစေဖို့ နိုင်ငံခြားမှရွှေကိုတင်သွင်းဖို့လုပ်ဆောင်နေပြီး ရွှေတင်သွင်းမှုများသည် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၈၀၀ အောက်ကျဆင်းမှစတင်လုပ်ဆောင်မယ်လို့ YGEA အသင်းကပြောပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *