ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ဘန်ကောက်ဘဏ်မှ ဘဏ်အကောင့်များ အခမဲ့ဖွင့်ပေးမည်

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဘဏ်လုပ်ငန်းဆောက်ရွက်ရာ၌အဆင်ပြေစေရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင်ဘန်ကောက်ဘဏ်မှဘဏ်ဝန်ထမ်းများလာရောက်၍ဝန်ဆောင်မှုကောင်တာဖွင့်လှစ်ကာဘဏ်လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။




ထိုသို့ ဝန်ဆောင်မှုကောင်တာဖွင့်လှစ်ရခြင်းမှာထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ရဟန်းသံဃာများ၊မြန်မာလုပ်သားများ၊လုပ်ငန်းရှင်များ၊ဆေးရုံတက်လူနာများ၊ကျောင်းသား၊ကျောင်းသူများသည်အကြောင်းအမျိုးမျိုးကြောင့်ဘဏ်စာရင်းဖွင့်ရန်လိုအပ်ပါကမြန်မာသံရုံး(ဗန်ကောက်)သို့လာရောက်၍ ထောက်ခံစာရယူရသည်။




ယင်းသို့ ရယူပြီးထိုင်းဘဏ်များသို့သွားရောက်၍ ငွေစာရင်းဖွင့်လှစ်ရာ၌ငွေကုန်ကျမှုရှိခြင်း၊စာရင်းမဖွင့်တတ်သူများမှာပွဲစားများနှင့်လုပ်ဆောင်ရခြင်း၊နေ့ချင်းပြီးမရရှိခြင်းများဖြစ်ပေါ်နေသဖြင့် မြန်မာသံရုံးနှင့်ဘန်ကောက်ဘဏ်တာဝန်ရှိသူများညှိနှိုင်းကာမြန်မာသံရုံး၏ရုံးဖွင့်ရက်များတွင်ဘန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင်တာဖွင့်လှစ်ရန်သဘောတူညီခဲ့ကြသည်။




ဘန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင်တာတွင် စုငွေစာရင်းဖွင့်လှစ်ခြင်း(Saving Account)၊ ATM ကဒ်ပြုလုပ်ခြင်း(ATM Debit Cards)၊ဖုန်းသို့ SMS ပို့ခြင်း(SMS Account Alert)နှင့် Online Banking/ Mobile Banking ပြုလုပ်ခြင်း ဝန်ဆောင်မှုများအားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။




အဆိုပါ ဘန်ကောက်ဘဏ်၏ ဝန်ဆောင်မှုကောင်တာ၌တစ်ရက်လျှင်လူ ၅၀ ဦးခန့်အားပြုလုပ်ပေးနိုင်မည်ဖြစ်ကာဘဏ်စာအုပ်/ဘဏ်ကဒ်အတွက်ကျသင့်ငွေသာပေးချေရမည်ဖြစ်ပြီးဘဏ်ဝန်ဆောင်မှုအဖွဲ့နှင့်မြန်မာသံရုံးဝန်ထမ်းများအား အခကြေးငွေပေးရန်မလိုအပ်ကြောင်းသိရသည်။




ဘဏ်ငွေစာရင်းဖွင့်လှစ်လိုသူများအနေဖြင့် မူရင်းနိုင်ငံကူးလက်မှတ်စာအုပ်၊သံရုံး၏ ဘဏ်စာရင်းဖွင့်ခွင့်ထောက်ခံစာ(မြန်မာလုပ်သားများအနေ ဖြင့်အလုပ်လုပ်ခွင့်သက်တမ်းမကုန်သေးပါက Work Permit ပြ၍လုပ်ကိုင်နိုင်ခြင်း)၊

ထိုင်းနိုင်ငံ၌ နေထိုင်/အလုပ်လုပ်ကိုင်နေရာ၏ နေရပ်လိပ်စာနှင့်ထိုင်းနိုင်ငံ၌ အသုံးပြုလျက်ရှိသည့် ဖုန်းနံပါတ်တို့လိုအပ်ကြောင်းသိရသည်။ထိုသို့ ဘဏ်ငွေစာရင်းဖွင့်လှစ်ထားခြင်းကြောင့်မြန်မာနိုင်ငံသားများအနေဖြင့်ငွေအားအလွယ်တကူမသုံးမိခြင်း၊လခရရှိသည်နှင့် ATM မှတဆင့်ကဒ်အတွင်းသို့ထည့်၍စုဆောင်းခြင်း၊

မြန်မာနိုင်ငံသို့ငွေလွှဲပြောင်းရန်လွယ်ကူခြင်း၊ Online မှလွယ် ကူစွာငွေပေးချေနိုင်ခြင်း၊ငွေသားမဟုတ်၍ ထိန်း သိမ်းရန်လွယ်ကူခြင်း၊မိမိဖုန်းအတွင်းမှငွေလက်ကျန်အားနေ့စဉ်စစ်ဆေးနိုင်ခြင်းအကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။