ရန်ကုန်အပါအဝင် ပြည်တွင်းစက်သုံးဆီဆိုင်တစ်ချို့ဆီပြတ်လပ်မှုများကြောင့် အကန်အသတ်နဲ့ဝယ်နေရပြီး ဆီဆိုင်တစ်ချို့ပိတ်ထားရ စျေးနှုန်းများလည်းအဆမတန်မြင့်တက်လာ

ရန်ကုန်အပါအဝင် ပြည်တွင်းစက်သုံးဆီဆိုင်တစ်ချို့ဆီပြတ်လပ်မှုများကြောင့် အကန်အသတ်နဲ့ဝယ်နေရပြီး ဆီဆိုင်တစ်ချို့ပိတ်ထားရ စျေးနှုန်းများလည်းအဆမတန်မြင့်တက်လာ

ပြည်တွင်းကိုစက်သုံးဆီသင်္ဘောတွေ အဆက်မပြတ်ဝင်နေပြီး ပြတ်လပ်မှုမရှိနိုင်ဘူးလို့ စက်သုံးဆီအသင်းဘက်ကထုတ်ပြန်ခဲ့ပေမယ့်လက်ရှိ စျေးကွက်အတွင်းဆီစျေးတွေဟာရည်ညွှန်းစျေးမှာတင် တစ်လီတာကို ကျပ် ၂၃၀၀ ကျော်အထိ ဆက်တိုက်မြင့်တက်လာနေပြီး

နေရာဒေသတချို့တွင် ဆီပြတ်လပ်မှုကြောင့်ဆိုင်တွေပိတ်ထားလိုက်ရကြောင်း ဆီဝယ်ယူသူတွေကပြောပါတယ်။“အခုရန်ကုန်မှာလည်း လိုသလောက်ဝယ်လိုရတယ်သာပြောတယ် အကန့်အသတ်နဲ့ပဲရောင်းတော့တာဆိုင်တွေတော်တော်များများမှာ 92/95 တွေမရတော့ဘူး၊

တစ်စီးကို သုံးသောင်းဖိုး၊ ငါးသောင်းဖိုး အဲ့လိုအကန့်အသတ်နဲ့ပဲရောင်းပေးတော့တယ်၊ ဆီအပြည့်ဖြည့်ဖို့ဆိုရင် ရောင်းပေးတဲ့ဆိုင်တွေမှာ တန်းစီလှည့်ပတ်ဖြည့်နေရတာ”လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦး မြန်မာ့ပလက်ဖောင်းကိုပြောပါတယ်။

မေလ ၂၇ ရက်ကစတင်ပြီး ရန်ကုန်လိုမြို့ကြီးတွေမှာဆီစျေးတွေမြင့်တက်လာခဲ့ကာ မေလ ၂၈ ရက်က ရန်ကုန်တွင် 92 Ron နှင့် 95 Ron ဆီစျေးတွေဟာ ကျပ် ၂၂၀၀နှင့် ကျပ် ၂၃၀၀ ၀န်းကျင်မှာရှိနေပြီး မန္တလေးမှာဆိုရင်ကျပ် ၂၃၀၀ ကျော်အထိမြင့်တက်ခဲ့ပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာဆိုရင် စက်သုံးဆီပြတ်လပ်မှုတွေကြောင့် ဆီဆိုင်အများစုက ပိတ်သိမ်းထားရပြီးအောက်တိန်း 92 တစ်လီတာကိုငွေကျပ် ၂၆၀၀ အထိ အဆမတန်မြင့်တက်နေကာ ဆီဆိုင်တွေကအကန့်အသတ်ပမာဏ နည်းနည်းသာရောင်းချပေးနိုင်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီးတွင်လည်းစက်သုံးဆီမှာရှားပါးလာနေပြီးဆိုင်တချို့မှာပဲဆီအကန့်အသတ်အချိန်အကန့်အသတ်ဖြင့်သာရောင်းချပေးနိုင်ကာစက်သုံးဆီတစ်လီတာကို ကျပ် ၂၄၀၀ ကျော်အထိ မြင့်တက်လာနေတယ်လို့ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။

စက်သုံးဆီပြတ်လပ်မှုနှင့် စျေးနှုန်းမြင့်တက်မှုတွေရဲ့နောက်ဆက်တွဲအနေနဲ့ကုန်စည်သယ်ယူပို့ဆောင်စရိတ်၊ ခရီးသည်တင်ကားခတွေဟာ အရင်ကထက် ပိုမိုစျေးနှုန်းမြင့်တက်လာတဲ့အတွက်အခြေခံလူတန်းစားတွေကိုပိုမိုထိခိုက်လာနိုင်မှာဖြစ်တယ်လို့ ဆိုကြပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကလိုင်စင်ရှိ SME စက်သုံးဆီဆိုင်တွေကိုခွဲတမ်းနဲ့ရောင်းချပေးနေတယ်လို့ဆိုထားပေမယ့် စျေးကွက်အတွင်းခွဲတမ်းရတဲ့ ဆိုင်ကြီးတွေသာရောင်းချပေးနိုင်ပြီး ခွဲတမ်းမရတဲ့လက်လီဆိုင်အများစုကတော့ပိတ်ထားရတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ဧပြီလ ဒုတိယအပတ်က စတင်ပြီးစက်သုံးဆီပြတ်လပ်မှုတွေမကြာခဏဖြစ်ပေါ်ကာစျေးနှုန်းတွေပါဆက်တိုက်မြင့်တက်လာနေတာဖြစ်ပြီး ယနေ့ မေလ ၂၉ ရက် ကော်မတီကထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းစျေးမှာ 92Ron ကို ရန်ကုန်မှာ၂၁၇၅ ကျပ်၊မန္တလေးမှာ ၂၂၂၀ ကျပ်၊ နေပြည်တော်မှာ ၂၂၁၅ကျပ် ၊

ပဲခူးမှာ ၂၁၈၀ကျပ်၊ မကွေးမှာ ၂၂၂၀ကျပ်၊ ထားဝယ်မှာ ၂၂၄၀ကျပ်၊ မုံရွာမှာ ၂၂၂၅ ကျပ်၊ ပုသိမ်မှာ ၂၂၀၅ ကျပ်၊စစ်တွေမှာ ၂၃၁၅ကျပ်၊ ဘားအံမှာ ၂၂၁၀ ကျပ်၊ မော်လမြိုင်မှာ ၂၂၂၀ ကျပ်၊လားရှိုးမှာ ၂၂၅၅ကျပ်၊တောင်ကြီးမှာ ၂၂၅၅ ကျပ်၊လွိုင်ကော်မှာ ၂၂၆၀ ကျပ်၊မြစ်ကြီးနားမှာ ၂၃၀၀ နှင့် ဟားခါးမှာ ၂၄၈၀ကျပ်၊ကျိုင်းတုံမှာ ၂၅၄၀ ကျပ် စျေးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

95Ron စျေးတွေအနေနဲ့ ရန်ကုန်မှာ ၂၂၈၅ ကျပ်၊ မန္တလေးမှာ ၂၃၃၅ ကျပ်၊ ပဲခူးမှာ ၂၂၉၅ ကျပ်၊ လားရှိုးမှာ ၂၃၇၀ ကျပ်နှင့် စစ်တွေမှာ ၂၄၃၀ ကျပ် စသဖြင့်စျေးတွေကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *