လွယ်ကူမြန်ဆန်တဲ့ကြက်သားတုတ်ထိုးလုပ်နည်း
ကြက်သားတုတ်ထိုးက ဝက်သားတုတ်ထိုးလိုအချိန်သိပ်ပေးစရာမလိုပဲ အိမ်မှာလွယ်လွယ်ကူကူလုပ်စားလို့ရပါတယ်။

ဝက်သားမစားတဲ့သူတွေအတွက်လည်း ကြက်သားတုတ်ထိုးလေးလုပ်စားကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်ရှင့်
ပါဝင်ပစ္စည်း
၁။ကြက် တစ်ကောင်လုံး (သို့) အစုံလိုက်(ခြေထောက်၊တောင်ပံ၊အူ၊နှလုံး၊အမြစ်၊ဖင်ဆီဗူး) ၈၀ကျပ်သားခန့်

၂။ရှောက်ကောတစ်လုံး
၃။နာနတ်ပွင့်တစ်ပွင့်

၄။ချင်းအနည်းငယ် (ဓါးပြားရိုက်ထား)
၅။အရသာမှုန့်အနည်းငယ်

၆။ယိုးဒယားငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း
၇။ပဲငံပြာရည်အကြည် ထမင်းစားဇွန်းတစ်ဇွန်း

၈။ပဲငံပြာရည်အပြစ် ထမင်းစားဇွန်းတစ်ဇွန်း (ကြာညို့)

၉။ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

၁၀။ဆီ ထမင်းစားဇွန်း၃ဇွန်း
၁၁။ဒုတ်ထိုး လုပ်ဖို့ တုတ်ချောင်း
ချက်ပြုတ်နည်း
ပထမဆုံးကြက်သားတွေကိုရေဆေးသန့်စင်ထားပါမယ်။အူတွေကို သံပုရာသီးဆားနဲ့သေချာပြောင်စင်အောင်ဆေးကြောပေးပါ။

ပြီးရင်ကြက်သားကိုအရသာသွင်းပါမယ်။ ကြက်သားမှုန့်၊ယိုးဒယားငံပြာရည်၊ပဲငံပြာရည်အပျစ်အကျဲ၊ငရုတ်ကောင်းမှုန့်တို့ကိုထည့်နယ်ပြီး နာရီဝက်ခန့်နှပ်ထားပါမယ်။

တုတ်ချောင်းလေးတွေကို မှိုကင်းအောင် ရေနွေးဆူဆူမှာ ထည့်ပြုတ်ထားပေးထားပါမယ်။
အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာရင် ရှောက်ကော၊နာနတ်ပွင့် ချင်းတို့ကိုမွှေးလာအောင်ဆီသတ်ပေးပါ။

မွှေးပြီဆို အရသာသွင်းထားတဲ့ ကြက်သားတွေထည့်ပြီး အသားတင်းသွားတဲ့အထိ ကြော်ပေးပါ။

ကြက်သားကထွက်တဲ့ရေတွေကုန်သွားပြီးဆီပြန်အသားတင်းသွားပြီး အနံလည်းမွှေးလာပြီဆိုရေနွေးကိုအသားမြှပ်သည်ထိထည့်၍တည်ပေးပါ။

တစ်ခါတည်းရေအများကြီးထည့်မပြုတ်ရပါဘူးရှင့်။ပြုတ်နေရင်း ကျက်လွယ်တဲ့ နူးသွားတဲ့ အသား၊အသည်းခြေထောက်တောင်ပံတွေကိုအရင်ဆယ်ယူပေးပါ။

ကျန်တဲ့အမြစ်၊နှလုံး လည်ပင်းရိုး၊ဖင်ဆီဖူး၊အူ စတာတွေကိုဆက်တည်ထားပေးပါမယ်။ရေခမ်းဆီပြန်ခါနီးရင်တော့ အကုန်လုံးနူးအိနေပြီဆို အိုးထဲက အားလုံးဆယ်ယူထားပြီး အအေးခံထားပါမယ်။

အိုးထဲမှာကျန်တဲ့အသားပြုတ်ရည်အချိုတွေထဲကို ရေနွေးအနည်းငယ်ထည့်ပြီးဆူအောင်တည်ထားပေးပါ။
အအေးခံထားတဲ့ အသားကလီစာတွေကို အနေတော်လှီးပြီး သန့်စင်ထားတဲ့တုတ်တွေနဲ့ထိုးထားပြီး ဗန်းတစ်ခုထဲထည့်ထားပါ။

ပြီးရင် စောစောက ပွက်အောင်တည်ထားသောပြုတ်ရည်ချိုတွေကိုလောင်းထည့်ပေးပါ။ပူပူလေးစားချင်ပါက တုတ်ထိုးဗန်းလေးကို ဂတ်မီးဖိုလေးပေါ်ထင်ထားပြီး မီးအေးအေးလေးနဲ့တင်ပြီးစားလို့ရပါပြီ။

တုတ်ထိုးနဲ့စားဖို့အတွက်အချဉ်ရည်စပ်ပါမယ်

မန်ကျည်းမှည့်အနှစ်နဲ့ထန်လျက်ကိုမီးဖိုပေါ်မှာ မီးအေးအေးနဲ့ကျိုပါမယ်။ပျစ်လာပြီဆိုခဏအအေးခံထားပါ။

အေးပြီဆို ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်းထည့်၊ငံပြာရည်အနည်းငယ်၊ဆားအနည်းငယ်ထည့်၊နံနံပင်နုတ်နုတ်စင်းထည့်ပြီးသမအောင်မွှေပေးပြီးရင်ရပါပြီ တုတ်ထိုးနဲ့တွဲစားမယ့်အချဉ်ရည်လေး။

အားလုံးအဆင်ပြေကြပါစေရှင့် အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။
ဖိုလ်တိုခရက်ဒစ်