အနီရောင်အဆင့်ဟုသတ်မှတ်ထားသည့် မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေ

အနီရောင်အဆင့်ဟုသတ်မှတ်ထားသည့် မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေ

၂၀၂၂ခုနှစ် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင်ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊

မုန်တိုင်းငယ်(Depression)အဖြစ်သို့ရောက်ရှိ ခဲ့ကာ၊မြန်မာနိုင်ငံ၊မွန်ပြည်နယ်၊ဘီလူးကျွန်းမြို့(Bilu Island)၏ အနောက်တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့(Mawlamyaine)၏ အနောက် တောင်ဘက်ရေမိုင်(၂၅)မိုင်ခန့်၊ပေါင်မြို့(Paung)၏တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့(Thaton)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ (Thongwa) ၏ အရှေ့တောင်ဘက် ရေမိုင်(၅၀)မိုင်ခန့်၊ ခရမ်းမြို့(Khayan)၏ အရှေ့ တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့်အနီရောင်အဆင့်ဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်(Depression)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းမှာအဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု (၁၆.၂)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု(၉၇.၃)ဒီဂရီတွင်ရှိပြီး၊

ဗဟိုချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။နောက်(၆)နာရီအတွင်းခန့်မှန်းချက်အရအဆိုပါမုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်းအရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊

ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီးလှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်ပါသည်။

မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်

ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝ ကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန်အသိပေးနှိုးဆော်အပ်ပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *