ရန်ကုန်အပါအဝင်ဒေသ(၇)ခုတွင်လေပြင်းတိုက်ခတ်ခြင်း မိုးကြီးခြင်းများဖြစ်ပေါ်နိုင်တဲ့အတွက်သတိပေးချက်ထုတ်ပြန်ထား

မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ရန်ကုန်အပါအဝင် ဒေသ(၇)ခုတွင် လေပြင်းတိုက်ခတ်ခြင်း မိုးကြီးခြင်းများဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မေလ(၁၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်မှာ ”လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၂)၊ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၁၉.၅.၂၀၂၂) ရက်နေ့မှ (၂၃.၅.၂၀၂၂)ရက်နေ့အတွင်း




ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းလာနိုင်ခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်




မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်




(၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ပါသည်။




မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ(၁၃)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်




ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများကို ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်” ‘ဟု မိုးဇလမှ ထုတ်ပြန်သတိပေးထားတာဖြစ်ပါတယ်။