သွားပိုးပေါက်ဖြစ်လို့ ဖာပြီးတဲ့အခါ ရှောင်ရန်ဆောင်ရန်များနှင့်မဖြစ်မနေလိုက်နာသင့်သောအချက်များ

သွားပိုးပေါက်ဖြစ်လို့ ဖာပြီးတဲ့အခါ ရှောင်ရန်ဆောင်ရန်များနှင့်မဖြစ်မနေလိုက်နာသင့်သောအချက်များ

သွားပိုပေါက်တွေကိုနဂိုသွားလေးတွေအတိုင်းဖြစ်အောင် ကုသပေးလိုက်ခြင်းကို “သွားဖာခြင်း” လို့ခေါ်ပါတယ်။သွားအပေါက်တွေကိုသွားဖာလိုက်တဲ့အခါလူနာပါးစပ်ထဲမှာချက်ချင်းအဆင်ပြေသွားတယ်၊နေလို့အရမ်းကောင်းတယ်၊

နာတာကျင်တာလုံးဝမရှိဘူးဆိုတာတွေဟာရှိကောင်းရှိပေမယ့်လူတော်တော်များများကတော့သွားဖာလိုက်တဲ့အခါ နည်းနည်းတော့နေရခက်တတ်ကြပါတယ်။တချို့လည်းများများနေရခက်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လူတိုင်းကတော့သွားဖာပြီဆိုရင်နေရလည်းမခက်ချင်ဘူး၊

လှလည်းလှချင်တယ်၊ဖာထားတာကိုလည်း ကြာကြာခံချင်ကြမှာပဲလေ။ဒါကြောင့်သွားဖာပြီးရင်သက်တောင့်သက်သာဖြစ်ပြီး ကြာကြာခံအောင် ဆောင်ရန်/ရှောင်ရန်များကို မျှဝေပေးပါရစေ ။

” သွားဖာပြီးရင် ဒီအချက်တွေကိုမလုပ်ပါနဲ့ “

(၁) သွားဖာပြီးသွားရင် အနည်းဆုံး မိနစ် (၃၀) ခန့် ရေမသောက်ပါနဲ့ဦး။ အစားအစာတွေလည်း မစားပါနဲ့ဦး ။မိနစ် (၃၀)မတိုင်ခင် စားသောက်တာတွေလုပ်မိတဲ့အခါ သွားဖာထားတာကို ပြုတ်ထွက်စေမှာဖြစ်ပါတယ်။ ချက်ချင်းမပြုတ်ထွက်တောင် သွားဖာထားတာ ကြာကြာမခံပဲ ပြုတ်ထွက်တတ်ပါတယ်။

(၂) သွားဖာထားတဲ့နေရာတွေကို လျှာနဲ့ခဏခဏကလိခြင်း၊သွားကြားထိုးတံလိုချွန်သောအရာများနှင့်ထိုးဆွခြင်း၊လက်နဲ့ခဏခဏနိုက်ကြည့်ခြင်းများ မလုပ်ပါနဲ့ဦး။သွားဖာလိုက်တဲ့အခါသွားကကြမ်းနေတာလိုလို၊ ခုနေတာလိုလို၊တခုခုညှပ်နေတာလိုလိုစသဖြင့် အထာမကျဖြစ်တတ်ပါတယ်။

ဒီအချက်တွေကို သွားဆရာဝန်တွေကလူနာတွေမပြန်ခင် ဆေးခန်းမှာတခါတည်းဖြေရှင်းပေးလေ့ရှိပေမယ့်သွားဖာပြီးရင်ပါးစပ်ထဲမှာအထာမကျတာ၊ အသားမကျတာမျိုးလေးတွေရှိနိုင်ပါတယ်။ဒါပေမယ့် ရက်အနည်းငယ်အတွင်းအသားကျသွားတတ်တာကြောင့်သန့်ရှင်းရေးသေချာဂရုစိုက်ရင်းစောင့်ကြည့်နိုင်ပါတယ်။

သွားဖာထားတဲ့သွားက (၃)ရက်ခန့်အထိအသားမကျပဲ နေရခက်နေပါက သွားဆေးခန်းပြန်ပြပြီး ပြန်ပြုပြင်နိုင်ပါတယ် ။

(၃) အစားဝါးတာမဟုတ်ပဲ သွားအချင်းချင်း ကြိတ်ပြီးဝါးမကြည့်ပါနဲ့ဦး။သွားဖာပြီးနာရီဝက်ကျော်သွားရင် အစာများစားနိုင်သလို သွားလည်းစတိုက်လို့ရပါတယ်။ဒါပေမယ့်တချို့လူတွေကသွားဖာထားတာအဆင်ပြေမပြေသိချင်တော့သတိရတိုင်း၊ အားတိုင်းသွားကိုကြိတ်ကြည့်နေတတ်တယ်။တချို့ကျလည်း သွားက အထာမကျလို့ နေရခက်ပြီး ကြိတ်ကြည့်နေကြတာ။

ဒီလိုကြိတ်ကြည့်တာက သွားကိုနာလာစေနိုင်သလို သွားဖာထားတဲ့ဆေးတွေကိုလည်း ပဲ့ထွက်စေနိုင်ပါတယ်။ အခန့်မသင့်ရင်သွားအစစ်ကိုပါကွဲသွားစေနိုင်ပါတယ်။ဖြစ်နိုင်ပါက သွားဖာထားတဲ့နေ့မှာ သွားဖာထားတဲ့ဘက်ခြမ်းကို အသုံးမပြုတာကောင်းပါတယ်။ အစာဝါးရန်အတွက် သွားမဖာထားတဲ့ဘက်ခြမ်းကို အသုံးပြုပေးပါ။

(၄) အစာအမာတွေ/ အရောင်စွန်းမယ့်အစားအသောက်တွေမစားပါနဲ့ဦး။

သွားဖာပြီးတဲ့နောက် အစာအမာတွေကိုစားတဲ့အခါ သွားတွေကိုကျဥ်စေနိုင်ပါတယ် ။ သွားဖာထားတဲ့အပေါက်က နက်ရင် သွားပိုကျဥ်နိုင်ပါတယ်။ အစာအမာတွေကိုဝါးခြင်းဟာ သွားဖာထားတဲ့ဆေးတွေကိုပဲ့ထွက်စေနိုင်ပါသေးတယ်။ ဒါကြောင့် အစာအမာတွေကို သွားဖာထားတာအသားကျသည်အထိရက်အနည်းငယ်ရှောင်ပေးပါ။

အစာဝါးရန်အတွက် သွားမဖာထားတဲ့ဘက်ခြမ်းကို အသုံးပြုပါ။ပူလွန်းသော၊ အေးလွန်းသော အစားအသောက်များဟာလည်း ဖာထားတဲ့သွားတွေကိုကျဥ်စေနိုင်တာကြောင့် ရက်အနည်းငယ်ရှောင်ကျဥ်ရပါမယ်။သွားနဲ့အရောင်တူတဲ့ဆေး ဥပမာ- လေဆာနဲ့သွားဖာထားတာမျိုးဆိုရင် အရောင်စွန်းစေမယ့်အစားအသောက်တွေကိုလည်းအနည်းဆုံး (၂၄) နာရီခန့် ရှောင်ကျဥ်သင့်ပါတယ်။

အထူးသဖြင့်ဆေးလိပ်၊ကွမ်းယာကိုအထူးရှောင်ကျဥ်သင့်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ စတာတွေကိုလည်းရှောင်ပေးပါ။ငွေနဲ့သွားဖာထားတာမျိုးဆိုရင် မာလွန်းသောအစားအစာများ၊ စေးကပ်သောအစားအစာများကို ရှောင်ပေးပါ။

(၅) ထုံဆေးကိုအသုံးပြုပြီးသွားဖာလာပါက ထုံးဆေးမပြေခင် အစားမစားပါနဲ့ဦး။

ထုံဆေးမပြယ်ခင်အစာစားပါက လျှာ၊ ပါးစောင်တွေကို ကိုယ့်ဟာကိုယ်ဝါးမိပြီး ထိခိုက်ဒါဏ်ရာရနိုင်ပါတယ်။

သွားဖာပြီးရင် ဒါတွေလုပ်ပါ

(၁) သွားဖာပြီးနောက် သွားနာပါက ပါရာစီတမော ၅၀၀ မီလီဂရမ် ( Paracetamol-500mg) ကို (၆) နာရီခြားပြီး တနေ့ (၄) ကြိမ်အများဆုံးသောက်နိုင်ပါတယ်။သွားဖာပြီးနောက်ရက်အနည်းငယ်ကြာတဲ့အထိ မသက်သာရင်တော့ဆေးခန်းကိုပြန်ပြသင့်ပါတယ်။

(၂) သွားဖာပြီးနောက် ပုံမှန်ခံတွင်းသန့်ရှင်းရေးလုပ်နိုင်ပါတယ် ။ သွားတိုက်နိုင်ပါတယ် ။ သွားပွတ်ကြိုးများနဲ့သွားကြားများကို သန့်ရှင်းနိုင်ပါတယ် ။ပလုတ်ကျင်းဆေးရည်သုံးနိုင်ပါတယ်။ရေချိုးနိုင်ပါတယ်။ ခေါင်းလည်းလျှော်နိုင်ပါတယ် ။

(၃) အစားအသောက်များရှောင်ရန်မလိုပဲ စားသောက်နိုင်ပါတယ်။ပူလွန်းသော၊ အေးလွန်းသော ၊ စေးကပ်လွန်းသော၊မာလွန်းသော အစားအသောက်များကလွဲရင်အကုန်စားနိုင်ပါတယ်။

(၄) သွားဖာထားတာ အဆင်မပြေရင်/ ပြုတ်ထွက်သွားရင် ဆေးခန်းပြန်ပြနိုင်ပါတယ်။သွားဖာထားတဲ့နေရာကစားလို့ဝါးလို့မကောင်းရင်၊ ဝါးတဲ့အခါခုနေရင်၊ကြမ်းနေရင်ဆေးခန်းတွေမှာပြန်ပြုပြင်နိုင်ပါတယ်။ပြုတ်ထွက်သွားရင်လည်းသွားဖာခဲ့တဲ့ဆေးခန်းမှာပဲ ဆေးခန်းပြန်ပြပေးပါ။

ကျွန်တော်တို့သွားဆရာဝန်တွေကဆေးအမျိုးမျိုးကိုအသုံးပြုပြီးသွားတွေကိုဖာထေးကုသပေးကြပါတယ်။တခါတလေဆရာဝန်ကအကောင်းဆုံးကိုရွေးချယ်ကုသပေးခဲ့ပေမယ့်သွားအပေါက်နဲ့သွားဖာတဲ့ဆေးအဆင်မပြေတာရှိရင်ပြုတ်ထွက်တတ်တာမျိုးတွေရှိတယ်။

ဒီလိုအခြေအနေမှာဆရာဝန်ကနောက်ဆေးတမျိုးနဲ့ပြန်ဖာထေးပေးတာမျိုးရှိနိုင်မှာဖြစ်ပါတယ်။ သွားဖာတာလုံးဝအဆင်မပြေရင် သွားအစွပ်လုပ်ခြင်းကို ရွေးချယ်နိုင်ပါသေးတယ်။

(၅) သွားဖာပြီးတဲ့နောက် သွားနာခြင်း၊ သွားဖုံးမှာပြည်ဖုတည်လာခြင်း၊ မျက်နှာလည်ပင်းများရောင်ခြင်းများ ကြုံတွေ့ရရင်တော့ မဖြစ်မနေဆေးခန်းပြန်ပြရပါမယ်ခင်ဗျာ။သွားဖာထားတာက မိမိနဲ့အသားကျသွားတဲ့အခါမှာ ရဲရဲဝါးနိုင်ပါတယ်။ စားစရာစုံစိနေအောင်စားနိုင်ပါပြီ။ သွားဖာထားတာက ဝါးဖို့စားဖို့ပဲလေ။ဒါပေမယ့် “ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်”ဆိုတဲ့စကားလည်း မမေ့ပါနဲ့ဗျ။

ကျွန်တော် နောက်ဆုံးပြောပြချင်တာကတော့ သွားဖာထားတာဟာ တသက်လုံးခံမယ်လို့တော့ပြောလို့မရပါဘူး။သွားဖာတဲ့ဆေးလေးတွေဟာလည်း ပစ္စည်းတစ်ခုမို့ သူ့သက်တမ်းရှိပါမယ်။ ပစ္စည်းတခုကို ဘာမှမလုပ်ပဲအလှကြည့်နေရင်တောင်နှစ်တွေကြာတဲ့အခါဟောင်းသွားတတ်တာပဲမဟုတ်လားဗျ။ သွားဖာထားတဲ့သွားလေးတွေကတော့ အလှသမားမဟုတ်ပဲ ဘဝသမားလေးတွေလို့ပြောလို့ရပါတယ်။

နေ့စဥ် ကျွန်တော်တို့ စားသမျှကို ကြိတ်ဝါးပေးရတယ်။ အမြဲညစ်ပေစိုစွတ်နေတဲ့ ခံတွင်းထဲမှာနေရတယ်။ ဒါကြောင့် သွားဖာထားတာကြာကြာခံချင်တယ်ဆိုရင် သေချာထိန်းသိမ်းရပါမယ်။နေ့စဥ်သန့်ရှင်းရေးသေသေချာချာဂရုစိုက်ရပါမယ်။သူတို့လေးတွေ ဘယ်လောက်ထိ အဝါးခံနိုင်ဦးမလဲ၊စတင်ပျက်စီးနေပြီလားဆိုတာတွေကိုလည်း သွားဆေးခန်းမှာအမြဲစစ်ဆေးနေသင့်ပါတယ်ခင်ဗျာ။

လဲသင့်တဲ့အခြေအနေရောက်ရင် လဲပေးပါခင်ဗျာ။ဒီလောက်ဆိုရင်တော့ သွားဖာပြီးရင် ဘာတွေဆောင်ရမလဲ၊ ဘာတွေရှောင်ရမလဲဆိုတာ ဗဟုသုတရမယ်ထင်ပါတယ်ခင်ဗျာ။ချစ်ခြင်းဖြင့်သာမျှဝေပါသည်။

ခရက်ဒစ် ဒေါက်တာမျိုးမြင့်အောင်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *