ပြည်တွင်းစျေးကွက်တွင်အေးနေသောပြောင်းဈေးကွက် လာမည့်လဆန်းပိုင်းတွင် ဈေးပိုမြင့်တက်လာမည်ဟုသိရ

ပြည်တွင်းပြောင်းဈေးကွက်မှာလက်ရှိမေလအတွင်းဈေးအနည်းငယ်အေးနိုင်သော်လည်း ဇွန်လဆန်းပိုင်းတွင်ဈေးမြင့်တက်လာမည်ဟု ခန့်မှန်းကြောင်းပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများထံက သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း ပြောင်းပေါက်ဈေး တစ်ပိဿာကျပ် ၁၀၀၀ ဝန်းကျင်ဆိုခြင်းမှာဒေသပွဲရုံကောက်ဈေးဖြစ်နေပြီး ကျပ် ၁၀၀၀ ကျော်မှသာပွဲရုံများကပြန်လည်ထုတ်ရောင်းနိုင်မည့်အခြေအနေဖြစ်ကြောင်း၊




မေလမှ ဇွန်လအတွင်းတွင်ပြောင်းပေါက်ဈေးတစ်ပိဿာကျပ် ၁၀၀၀ ဝန်းကျင်ဖြင့်သာပေါက်ဈေး ငြိမ်နေမည်ဖြစ်ပြီး၊ပို့ကုန်ရဒေါ်လာစျေးအားအသေသတ်မှတ်ခြင်းကြောင့်လည်း ပို့ကုန်ပြောင်းသမားများအပါအဝင်ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးအားအရောင်းအဝယ်အေးစက်သွားစေခဲ့ကြောင်း
မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးတက်နိုင်တိုးက ပြောသည်။”ပြောင်းပေါက်ဈေးက မေလထဲမှာ တစ်ပိဿာကျပ် ၁၀၀၀ အောက်ကျဆင်းသွားမယ်၊၊ အရောင်းကတော့အေးသွားမှာပါ။




ပြောင်း ဈေး ကျပ် ၁၀၀၀ ဆိုတာ နယ်ပွဲရုံပေါက်ဈေးဖြစ်နေပါပြီ။လက်ရှိမှာရန်ကုန်အရောက် ပြောင်းပေါက်ဈေးကကျပ်၁၀၀၀ ကျော်ရုံလေးဆိုတော့အရောင်းမရှိတော့ပါဘူး။ဒီတော့မေလအတွင်းမှာ ပြောင်းဈေးကမတည်မငြိမ်ဖြစ်နိုင်ပေမယ့် ဇွန်လဆန်းပိုင်းမှာတော့ မထင်မှတ်နိုင်တဲ့ ပြောင်းပေါက်ဈေးတွေ ဖြစ်လာနိုင်ပါတယ်။
လက်ရှိကမ္ဘာ့ပေါက်ဈေးမှာတစ်တန် ၄၃၀ ဒေါ်လာ၊တရုတ်ပြောင်းပေါက်ဈေးကတစ်တန်ယွမ် ၂၈၀၀ ယွမ်လောက်ပေါက်ဈေးရှိနေပါတယ်။ မကြာမီမှာ ဂျီအေစီစီရောင်းဝယ်ခွင့်ရ ကုမ္ပဏီတွေကပြောင်းတင်ပို့ခွင့် ရရှိလျှင်ပြောင်းဈေးပိုမိုကောင်းမွန်လာနိုင်ပါတယ်”ဟု ၎င်းကပြောသည်။




၂၀၂၂ခုနှစ် ပြောင်းရာသီအစတွင် ပြောင်းဈေးတစ်ပိဿာ ကျပ် ၈၀၀ ဝန်းကျင်သာပေါက်ဈေးရှိရာမှ ဖေဖော်ဝါရီလ မြဝတီနယ်စပ်လမ်းကြောင်းဖွင့်ချိန်၌ တစ်ပိဿာ ကျပ် ၉၀၀ ဝန်းကျင်ဖြစ်လာခဲ့သည်။ ထိုသို့ ပြောင်းဈေးကွက်မှာထိုင်းနိုင်ငံသို့တင်ပို့မှုနှင့်ပင်လယ်ရေကြောင်းတင်ပို့မှုအားကောင်းခဲ့ရာမှ ပြောင်းဈေး တစ်ပိဿာကျပ် ၁၀၀၀ ကျော်ဈေးကိုရောက်ရှိခဲ့ခြင်းဖြစ်သည်။




လက်ရှိတွင် ပြည်တွင်း ဒေါ်လာငွေလှဲလှယ်နှုန်းအသေ ၁၈၅၀ သက်မှတ်လိုက်ခြင်းကြောင့် ပြောင်းတင်ပို့မှုရပ်နားသွားပြီး ပြောင်းဈေးကွက် ကျဆင်းနေခြင်းဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့သည့်လမ်းကြောင်းမှာလည်း လက်ရှိတွင် ပိတ်ထားသောကြောင့် ဈေးကွက်ပိုမို အေးသွားခြင်းဖြစ်သည်။