ပြည်တွင်း စက်သုံးဆီစျေးနှုန်းမှာပျမ်းမျှ ငွေကျပ် နှစ်ထောင်ကျော်အထိစျေးမြင့်တက်နေဆဲဖြစ်

ပြည်တွင်းစက်သုံးဆီစျေးကွက်၌ မြန်မာနိုင်ငံသို့တင်သွင်းနေသည့်စက်သုံးဆီအမျိုးမျိုးမှာနိုင်ငံ ခြားငွေလဲလှယ်မှုအနေအထား၊သယ်ယူပို့ ဆောင်ရေး အခြေအနေတို့ကြောင့်ပျမ်းမျှ ငွေကျပ် ၂၀၀၀ ကျော်အထိစျေးမြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။




ထို့ပြင်ပြည်တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များစက်သုံးဆီများရောင်းချရာ၌တစ်ဆိုင်နှင့်တစ်ဆိုင်စျေးနှုန်းမတူညီမှု၊အချို့ဆိုင်များတွင် Demand နှင့် Supply မမျှတမှုများ တစ်ခါတစ်ရံကြုံတွေ့နေရသည်ဟု PPRD မှသိရသည်။
ထို့ကြောင့် စက်သုံးဆီအရောင်းဆိုင်များ၌ဆီများလုံးဝပြတ်တောက်သွားခြင်းများမကြုံတွေ့ရဘဲအရည်အသွေးနှင့်အရေအတွက်ပြည့်မီစွာရောင်းချနိုင်ရေးအား PPRD မှအလေးထားဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။




စက်သုံးဆီစျေးနှုန်းများအရောင်းဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်မတူညီရခြင်းမှာ အရောင်းဆိုင်များ သည် သက်ဆိုင်ရာဌာနမှချမှတ်ထားသည့် စျေးနှုန်းအတိုင်းရောင်းချနေလျက်ရှိသော်လည်း သယ်ယူပို့ဆောင်ခများကြောင့်မတူညီရခြင်းဖြစ်ကြောင်းစက်သုံးဆီရောင်းချသူအချို့ထံမှသိရသည်။
ပြည်တွင်း၌စက်သုံးဆီရောင်းချနေသည့် အရောင်းဆိုင်များတွင်နေ့စဥ်ရောင်းချနေသည့်စက်သုံးဆီစျေးနှုန်းများအားစျေးနှုန်းဘုတ်များဖြင့်ထင်ရှားစွာရောင်းချရန်၊အရောင်းဆိုင်များတွင်စက်သုံးဆီအမျိုးအစားများအား (ဥပမာ-92/95/HSD/PHSD)များကိုသာရောင်းချရန်၊




အရောင်းဆိုင် ၁ ဆိုင်ချင်းအလိုက် ဝန်ထမ်းအင်အားပြည့်ဝစွာချထားရန်၊အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများကိုသာထားရှိအသုံးပြုရန်တို့အား စက်သုံးဆီရောင်းချသူများလုပ်ဆောင်ရန်သတ်မှတ်ချက်များချမှတ်ထားကြောင်းသိရသည်။
အလားတူ PPRD မှလည်းစက်သုံးဆီသိုလှောင်ကန်များရှိ သိုလှောင်ထားနိုင်မှု၏ ၃၀ ရာခိုင်နှုန်းခန့် ကျန်သည့်အချိန်တွင်ပြည်ပမှထပ်မံတင်သွင်းနိုင်ရေးအတွက်ဆောင်ရွက်ပေးခြင်း၊သိုလှောင်ကန်များ၌ အရန်ဆီအဖြစ်သိုလှောင်ထားနိုင်မှု ၁၅ ရာခိုင်နှုန်းခန့်အမြဲကျန်ရှိနေရေးတို့အားကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။




ထို့ပြင် ပြည်ပမှတင်သွင်းသည့်စက်သုံးဆီများအရည်အသွေးကိုက်ညီမှုရှိ၊မရှိအားစစ်ဆေး၍ ကိုက်ညီမှုရှိမှသာ သိုလှောင်ကန်များနှင့်ရောင်းချသူများထံဖြန့်ဖြူးရောင်းချခွင့်ပေးကာအခါအားလျှော်စွာရှောင်တခင်စစ်ဆေးခြင်းများအားပြုလုပ်လျက်ရှိသည်။




ထိုသို့ ဆောင်ရွက်လျက်ရှိရာအရည်အသွေးနှင့်အရေအတွက် ပြည့်ဝမှန်ကန်မှုမရှိဘဲ ရောင်းချနေသည့် ကုမ္ပဏီ၊အရောင်းဆိုင်များအား ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရအရေးယူဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိသည်ဟုသိရသည်။