ပြည်တွင်းရွှေစျေး တစ်ရက်အတွင်း (၄၀၀၀၀)ဝန်းကျင်အထိပြန်လည်မြင့်တက်သွားပြီး ပြည်ပမှရွှေတင်သွင်းမည့်ကိစ္စဖြစ်နိုင်သလားဆိုတာ

ပြည်တွင်းရွှေစျေး တစ်ရက်အတွင်း (၄၀၀၀၀)ဝန်းကျင်အထိပြန်လည်မြင့်တက်သွားပြီး ပြည်ပမှရွှေတင်သွင်းမည့်ကိစ္စဖြစ်နိုင်သလားဆိုတာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့သတ်မှတ်ရွှေဈေးနှုန်းကဒီနေ့ မေ ၅ ရက်မှာကျပ်သိန်း ၂၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။အသင်းရဲ့ မေ ၄ ရက်သတ်မှတ်ရွှေဈေးနှုန်းက ကျပ် ၁,၉၈၉,၃၀၀ ဖြစ်ပြီးဒီနေ့မှာ ကျပ် ၂,၀၂၆,၇၀၀ ကို တိုးမြှင့်သတ်မှတ်ထားပါတယ်။

တရက်အတွင်း သတ်မှတ်ဈေးတကျပ်သားကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့တာပါ။ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေက YGEA ရဲ့ သတ်မှတ်ဈေးနှုန်းကို ၅,၀၀၀ ကျပ်ပေါင်းထည့်ပြီးရလာတဲ့ဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ မေ ၄ ရက်ကပြုလုပ်တဲ့ အသင်းအစည်းအဝေးမှာဆုံးဖြတ်ထားကြောင်း အသင်းကထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁,၈၅၃ ကျပ်နဲ့လဲလှယ်ဖို့ ဧပြီ ၃ ရက်မှာသတ်မှတ်ပြီးနောက်အဲဒီနှုန်းထားနဲ့အညီပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့ န.စ.ကမှလုပ်ဆောင်လာခဲ့ပါတယ်။

အဲဒီလိုပြည်တွင်းရွှေဈေးနှုန်းကိုကန့်သတ်လိုက်တဲ့အတွက်ရွှေမှောင်ခိုဈေးကွက်ပေါ်လာနိုင်တယ်လို့ဈေးကွက်သုတေသီတွေကမှတ်ချက်ပြုခဲ့ကြပါတယ်။ဒါ့အပြင်ဈေးကွက်အတွင်းရွှေကုန်ကြမ်းပြတ်လပ်မှုမရှိအောင် နိုင်ငံခြားကနေရွှေတင်သွင်းဖို့ကိစ္စ၊ဗဟိုဘဏ်ကို ရွှေရောင်းချပေးရေးတင်ပြဖို့ကိစ္စနဲ့ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်တွေနဲ့ဆက်သွယ်ပြီး

ရွှေဝယ်ယူမှုဆောင်ရွက်ဖို့ကိစ္စ အပါအဝင်နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုတွေမှာတိုင်းနဲ့ ပြည်နယ်အသင်းတွေနဲ့ဆက်သွယ်ပြီးတားဆီးဆောက်ရွက်ဖို့ကိစ္စရပ်တွေကိုလည်း အဲဒီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြတယ်လို့ထုတ်ပြန်ထားတာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြည်ပကနေရွှေတင်သွင်းမယ်လို့ပြောဆိုတာကအပြောလွယ်သလောက် အလုပ်ခက်တဲ့ကိစ္စဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေကထောက်ပြပြောဆိုလိုက်ပါတယ်။လက်တွေ့မှာတော့ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးကသုံးသပ်ပါတယ်။

“ကျနော်မြင်တာက အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို ပြည်ပကနေ ရွှေသွင်းဖို့အတွက် ဒေါ်လာက ဘယ်က ရမှာလဲ။လက်ရှိအခြေအနေမှာတောင်ဒေါ်လာ လုံလောက်မှုမရှိလို့ အကုန်လုံး ဒုက္ခရောက်နေတာမဟုတ်ဘူးလား။ဆိုတော့ နိုင်ငံတော်ဘက်က ဒေါ်လာထုတ်ပေးဖို့ ဆိုတာကလည်း လွယ်ကူတဲ့ အခြေအနေမှ မဟုတ်တာ။အပြင်ကနေဝယ်ဖို့ဆိုရင်ပိုဆိုးတာပေါ့။

ဒါကြောင့် အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ပြောတာပါ။အခြားရွှေလုပ်ငန်းရှင်တဦးကလည်း “ပြည်ကနေ ရွှေတင်သွင်းမယ်ဆိုရင်ယိုးဒယားကလည်း မြန်မာနိုင်ငံဆီ ဝင်လာလို့ရသလိုဟောင်ကောင် နဲ့ ရှန်ဟိုင်းဘက်ကလည်းဝင်လာနိုင်တဲ့ လမ်းကြောင်းတွေတော့ရှိတာပေါ့။

သူတို့ဆီက ရွှေတွေကလည်း ရွှေသန့်စင်မှုက ၉၉ ဒသမ ၉၉ သန့်စင်မှုရှိပြီး ကမ္ဘာ့စျေးကွက်မှာလက်ခံထားတဲ့အမျိုးအစားတွေဖြစ်လို့ ပြည်တွင်းမှာသုံးလို့ရပါတယ်။ဒါပေမယ့်တခုရှိတာကသယ်ယူစရိတ်တွေ ဘာတွေရှိသေးလို့အဲ့ဒါတွေပါထည့်တွက်ရင်လက်ရှိစျေးထက်တောင်စျေးနှုန်းပိုမြင့်သွားနိုင်တယ်။ ဒါကြောင့် ပြည်ပကနေ တင်သွင်းဖို့က ဘယ်လိုမျှ မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

လက်တွေ့ ရွှေဈေးကွက်မှာလည်း သတ်မှတ်ဈေးနဲ့ ဈေးကွက်ဈေး ကွာဟချက်များနေတာကြောင့်ရွှေအတုံးအခဲဈေးကွက်အရောင်းအဝယ်ရပ်တန့်သလောက်ဖြစ်နေပြီး ပြင်ပရွှေဆိုင်တွေမှာလည်း ရွှေအထည်ပိုင်းသာအဓိကအရောင်းအဝယ်လုပ်ဆောင်နေကြပါတယ်။

ဒါအပြင်ရွှေဆိုင်အချို့မှာလည်း ရွှေတုံးအရောင်းအဝယ်ရပ်တန့်ထားပြီး အလျော့အတွက်ယူတဲ့အခေါက်ရွှေကိုသာရောင်းချနေကြကြောင်းလည်းသိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *