ရန်ကုန် မန္တလေးအပါအဝင် ဒေသအချို့မှာ လေပြင်းများတိုက်ခတ်၊မိုးကြီးပြီး မိုးကြိုးလျှပ်စီးများဝင်ရောက်ခဲ့

ယနေ့မနက်ပိုင်း တွင် တာချီလိတ်မြို့နယ်တွင်မိုးကြိုးလျှပ်စီးဝင်ရောက်ရာမှတဆင့်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာတွင် ဧပြီ၃၀ရက်နံနက်ပိုင်းကမိုးသည်ထန်စွာရွာသွန်းပြီး




မိုးကြိုးလျှပ်စီးဝင်ရောက်ခဲ့ရာမှတဆင့်မီးလောင်ကျွမ်းကာနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်းမီးသတ်ဦးစီးဌာနမှ သိရသည်။ “မနက်ပိုင်းက မိုးတွေရွာတဲ့အပြင်မိုးချိန်းပြီး မိုးကြိုးပါပစ်တော့ရွာထဲကအိမ်တစ်လုံးလျှပ်စီးဝင်ရောက်ပြီး မီးလောင်သွားတယ်´´ဟုဒေသခံတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊စန်းလုရွာရှိ ခြေတန်ရှည်ပျဉ်ထောင်အိမ်တစ်လုံးနှင့်မော်တောယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကာ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ မိုးကြိုးပစ်ရာမှာ လျှပ်စစ်ဝါယာကြိုးအတွင်းလျှပ်စစ်စီး၍လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။




မီးလောင်ရာသို့ တာချီလိတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊မီးသတ်ယာဉ်များနှင့်ကျေးရွာနေပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။ဒီနေ့ ဧပြီလ ၃၀ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ကရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။

မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေလည်း ရှိခဲ့ပြီး တချို့နေရာတွေမှာ သစ်ပင်သစ်ကိုင်းတွေ ကျိုးကျတာ၊လျှပ်စစ်ဓာတ်တိုင်တွေကျိုးကျတာတွေလည်းရှိခဲ့ပါတယ်။သင်္ကန်းကျွန်းမြို့နယ်သံသုမာလမ်းမကြီးမှာဆိုရင်မိုးရွာသွန်းတာ၊လေပြင်းတိုက်တာတွေကြောင့်ဓာတ်တိုင်တွေကျိုးကျပြီးကျိုးကျတဲ့ဓာတ်တိုင်တွေကကားတွေကိုပိတာအထိ ဖြစ်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်းဒီကနေ့ညနေပိုင်းမှာလေပွေလေပြင်းတွေတိုက်ခတ်ပြီးမိုးသည်းထန်စွာရွာသွန်းခဲ့လို့ သစ်ပင်တွေလဲပြီးလျှပ်စစ်မီးတွေလည်းပြတ်တောက်နေတယ်လို့သိရှိရပါတယ်။သစ်ပင်တွေလဲပြိုတာကြောင့်တချို့နေရာတွေမှာလျှပ်စစ်မီးကြိုးတွေထိခိုက်သွားပြီးလျှပ်စစ်မီးပြတ်တောက်တာတွေလည်း ရှိနေတယ်လို့ မန္တလေးမြို့ခံတစ်ဦးကအသိပေးထားပါတယ်။

လက်ရှိမှာလည်းမန္တလေးမှာ မိုးမှောင်တွေကျနေဆဲပဲလို့သတင်းကြားသိရပါတယ်။ထို့အပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ကျေးရွာတချို့မှာဧပြီ ၂၉ ရက်မနက်၁ နာရီလောက်ကမိုးသက်လေပြင်းတိုက်ခတ်တာကြောင့်ဘုရားစေတီ၄ဆူထီးတော်ကျိုးပျက်ပြီးနေအိမ်အဆောက်အဦ ၅၀ကျော်အမိုးလန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဒေသခံတဦးက”မိုးနဲ့ အတူလေတွေပါတိုက်လာတာဘုရားစေတီတွေကတော့ထီးတော်တွေပျက်ကုန်တယ်။စာသင်ကျောင်းဆာင် ၃ ခုနဲ့ ဘုန်းတော်ကြီးကျောင်းအဆောက်အဦ ၃ ခုအမိုးလန်ပျက်စီးတယ်။ အိမ်တွေကတော့ပျက်တာများတယ်။တချို့အိမ်တွေဆိုလုံးဝပြိုသွားတယ်”လို့ ပြောပါတယ်။




မိုးသက်လေပြင်းတိုက်တာကြောင့်မြောက်ဆည်ရွာ၊ပဒင်းရွာ၊ခါတက်ကုန်းရွာနဲ့အောင်သာရွာတွေမှာ ရွာ ၄ ရွာကလူနေအိမ် ၄၉ လုံးနဲ့ မူလတန်းကျောင်း စာသင်ဆောင်တွေအမိုးလန်သွားခဲ့ပါတယ်။ဒါ့အပြင် သာသနိကအဆောက်အဦ ၃လုံးပျက်စီးပြီးဘုရားစေတီထီးတော်မြေခတာရှိသလိုယိုင်နဲ့သွားတာလည်းရှိပါတယ်။
အဆောက်အဦပေါင်း ၅၅ လုံး အမိုးလန်ပျက်စီးခဲ့ပြီးလူနေအိမ်ပျက်စီးလို့ ပြန်လည်နေထိုင်ဖို့ခက်ခဲတဲ့မိသားစုတွေကို နီးစပ်ရာ ဆွေမျိုးတွေထံမှာသက်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့တွေကနေရာချထားပေးတယ်လို့သိရပါတယ်။မိုးသက်လေပြင်း တိုက်ခတ်လို့ သစ်ပင်တွေ၊အဆောက်အဦတွေပျက်စီးသွားပေမဲ့ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပန်းတော်တင်ရပ်တွင်လည်း ယနေ့မနက် ၈နာရီခန့်က မိုးရွာသွန်းပြီး လေတိုက်မှုကြောင့် သစ်ပင်များလဲကျခဲ့သည့်အပြင် ယနေ့ နေ့လည် ၂နာရီ ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ရပ်ကွက်(၅)၊ ပြည်တော်သာ(၂)လမ်းတွင်မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျသွားသည်ဟုသိရသည်။