ရာသီဥတုအပူချိန်ပို၍မြင့်မားလာတာကြောင့်အန္တရာယ်မဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များအားအသိပေးထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနမှ နွေရာသီတွင်ရာသီဥတုအပူရှိန်ပိုမိုပြင်းထန်လာ၍ခန္ဓာကိုယ်အတွင်းရှိရေနှင့်ဓာတ်ဆားများဆုံးရှုံးမှုပိုမိုများပြားလာသဖြင့်မလိုလားအပ်သည့် အန္တရာယ်များမဖြစ်ပေါ်စေရန် လိုက်နာရမည့်အချက်များအားအသိပေးနှိုးဆော်ထုတ်ပြန်ခဲ့သည်။




အပူဒဏ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊ကြွက်တက်ခြင်း၊ချွေးခြောက်ခြင်း၊ကိုယ်အပူချိန်မြင့်တက်ခြင်း၊သတိလစ်ခြင်းတို့အပြင်ပြင်းထန်စွာခံစားရပါကအသက်အန္တရာယ်ထိခိုက်စေနိုင်ကြောင်း နှိုးဆော်အသိပေးခဲ့သည်။
ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများနှင့်ဆီး ချိုရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါအခံရှိသူ များ နေ့လည်အချိန်တွင်အရိပ်ရအေးမြကာလေဝင်လေထွက်ကောင်းသည့်နေရာများ၌နားနေပါ။ပူပြင်းသည့် နေရောင်အောက်တွင်ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့အား ရှောင်ကြဉ်ပါ။




ပူပြင်းသည့် နေရောင်အောက်တွင် သွားလာလှုပ် ရှားရန်၊အလုပ်လုပ်ရန် လိုအပ်ပါကအရိပ်လုံ လောက်စွာရနိုင်သည့် ထီး၊ဦးထုပ်များဆောင်းသွားပါ၊အရိပ်ရအေးမြသည့်နေရာများတွင်ခေတ္တအနားယူခြင်း မကြာခဏပြုလုပ်ပါ။
အလင်းပြန်သောအဖြူရောင်(သို့)အရောင်ဖျော့ သည့် ပွပွချောင်ချောင်ချည်ထည်များအားဝတ်ဆင်ပါ။နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့်နံနက် ၁၀ နာရီမှညနေ ၅ နာရီအထိလွင်တီးခေါင်ပြင်မြစ်ကမ်းနားရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ရေချိုးခြင်းတို့အားရှောင်ကြဉ်ပါ။




အရက်သေစာသောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်အား ပိုမိုခံစားရစေနိုင်ကာ ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။ခန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆားဓါတ်များ ဆုံး ရှုံးမှုမဖြစ်ပေါ်စေရန်ရေနှင့်ဓါတ်ဆားရည်အားလုံလောက်အောင်သောက်သုံးပါ။




မိတ်နှင့်ယားဖုများ ထွက်ပါကရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်းတို့ပြုလုပ်ပါ။အပူဒဏ်အန္တရာယ်ခံစားရသည့်လူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထားရှိခြင်း၊ရေနှင့်ဓါတ်ဆားရည်များသောက်သုံးစေခြင်း၊လူနာ၏ခန္ဓာကိုယ်အပူချိန်အမြန်ကျဆင်းစေရန်နဖူး၊




လည်ပင်း၊ချိုင်းကြား ၂ ဖက်နှင့်ပေါင်ခြံ ၂ ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်းတို့အားဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ဆေးခန်း၊ကျန်းမာရေးဌာနများသို့အမြန်ဆုံးသွားရောက်ပြသ၍ကုသမှုခံယူရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးနှိုးဆော်ထားသည်။