ဗဟိုဘဏ်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းရွှေတုံးများအရောင်းအဝယ်များရပ်တန့်နေပြီး မှောင်ခိုစျေးကွက်ပေါ်ထွက်လာနိုင်လားဆိုတာ

ဗဟိုဘဏ်ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းရွှေတုံးများအရောင်းအဝယ်များရပ်တန့်နေပြီး မှောင်ခိုစျေးကွက်ပေါ်ထွက်လာနိုင်လားဆိုတာ

ဗဟိုဘဏ်ကသတ်မှတ်ငွေလဲနှုန်းအပေါ် အခြေခံပြီး ပြည်တွင်းရွှေဈေးကိုသတ်မှတ်ရောင်းဝယ်ရမယ်လို့ ကန့်သတ်လိုက်တဲ့အတွက်ရန်ကုန်ရွှေဈေးကွက်မှာအကယ်ဒမီ (မီးလင်း) ရွှေအတုံးအရောင်းအဝယ် ရပ်တန့်သွားပြီး မှောင်ခိုဈေးကွက် ပေါ်လာနိုင်တဲ့အကြောင်း ဈေးကွက်သုတေသီတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အသင်းသားစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရသတ်မှတ်နိုင်ငံခြားငွေလဲနှုန်းအပေါ် မူတည်ပြီးအရောင်းအဝယ် ပြုလုပ်ကြဖို့ဆုံးဖြတ်ခဲ့ကြတဲ့အပြင် ဈေးနှုန်းတည်ငြိမ်ရေးနဲ့ ထိန်းထိန်းသိမ်းသိမ်းအရောင်းအဝယ် ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီအထိနိုင်ငံတကာဈေးကွက်မှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို ၁,၉၅၃ ဒေါ်လာ ရှိပါတယ်။ဒါကြောင့် လက်ရှိ ကမ္ဘာ့ရွှေဈေးအပေါ်အခြေခံပြီး ဗဟိုဘဏ်ရဲ့သတ်မှတ်ငွေလဲနှုန်း ၁,၈၅၀ ကျပ်နဲ့တွက်လိုက်ရင်ပြည်တွင်းအကယ်ဒမီ (မီးလင်း) ရွှေဈေးကတစ်ကျပ်သားကို ၁၉ သိန်း ၂ သောင်း ၆ ထောင်ကျပ်ရှိပါတယ်။

ဒါပေမဲ့ ပြင်ပ မှောင်ခိုဈေးကွက်မှာရှိတဲ့အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ကျပ် ၂,၀၀၀ အနည်းဆုံး ရှိတာကြောင့် အဲဒီတန်ဖိုးနဲ့ တွက်ရင် ပြည်တွင်းအကယ်ဒမီ (မီးလင်း) ရွှေဈေးကတကျပ်သားကို ၂၀ သိန်း ၈ သောင်း ၃ ထောင်ကျပ်ရှိတာကြောင့်တစ်ကျပ်သားကို ကျပ် ၁ သိန်း ၅ သောင်း ၇ ထောင် ဈေးနှုန်းကွာခြားနေပါတယ်။

အခုလို ဈေးနှုန်းကွာခြားမှုကြောင့် ရန်ကုန်ရွှေဈေးကွက်မှာအကယ်ဒမီ (မီးလင်း) ရွှေ အရောင်းအဝယ်ကလက်ရှိမှာတော့ အရောင်းအဝယ်ရပ်တန့်နေတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေကပြောပါတယ်။ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “အပြင်ဈေးနဲ့ဆိုရင်ကြားမှာ ၁ သိန်းခွဲလောက်ကွာနေတော့ အဆင်မပြေဘူးလေ။

ဒါကြောင့်အရောင်းအဝယ်က လောလောဆယ်ဈေးကွက်မှာရပ်နေတာပေါ့။ဈေးကွက်မှာရပ်နေပေမယ့် အပြင်မှာတော့ အရောင်းအဝယ်ကရပ်ထားလို့မရဘူး။ရွှေဆိုင်တွေမှာတော့ရောင်းတဲ့သူ၊ဝယ်တဲ့သူက သူ့ဟာနဲ့သူ ရှိနေတယ်။ဒါပေမဲ့ အကယ်ဒမီ (မီးလင်း) ရွှေအတုံးအရောင်းအဝယ်ကသာရပ်နေတာ။ အမှန်ကတော့ကုန်ဈေးနှုန်းဆိုတာကကန့်သတ်လို့ မရဘူးလေ။

ကန့်သတ်လို့ရှိရင် မှောင်ခိုဈေးကွက်ကပေါ်လာမှာ။ဈေးကွက်ကိုလွှတ်ထားပေးခြင်းဖြင့် ရောင်းချင်တဲ့သူကလည်း သူ့ဟာနဲ့သူပေါက်ဈေးနဲ့ရောင်း၊ဝယ်တဲ့သူကလည်း ပေါက်ဈေးနဲ့ဝယ်ဆို ဈေးကွက်က သူ့ဘာသာ ငြိမ်နေတာနော်။ လူတွေကကြိုက်တဲ့အချိန်မှာဝယ်လို့ရသလိုကြိုက်တဲ့အချိန်မှာရောင်းလို့ရတယ်ဆိုရင်ဒီအပေါ်ဘယ်သူမျှ အာရုံမထားတော့ဘူး။

အဲ့လိုမဟုတ်ဘဲ သွားပြီးကန့်သတ်လိုက်ရင်ဈေးကွက်က ကမောက်ကမတွေဖြစ်ကုန်တယ်” လို့ ပြောပါတယ်။ဈေးကွက်သုတေသီတဦးလည်း “အန်ကယ်တို့ အရင်က ကြုံခဲ့ဖူးတာလေးရှိတယ်။ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်တုန်းကပေါ့။ အဲ့ဒါက ယနေ့ ရွှေဈေး ၅ သောင်း ၄ ထောင် ဆိုပြီးတော့ဈေးကိုသတ်မှတ်တယ်။

အဲ့ဒီ့ဈေးနဲ့ပဲ ရောင်းရမယ်ဆိုပြီး လုပ်ခဲ့တာရှိတယ်။ အဲ့လိုလုပ်ခဲ့တုန်းကဘာဖြစ်လဲဆိုရင်အပြင်မှာ ပေါက်ဈေးက၇ သောင်းခွဲ၊ ၈ သောင်းဝန်းကျင်ရှိတယ်။ဒါကိုသူကကောင်တာမှာယနေ့ ရွှေဈေး ၅ သောင်း ၄ ထောင်ဆိုပြီးတင်ထားတယ်။ အဲ့တော့ ပြန်ရောင်းချင်တဲ့အခါနိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဈေးနဲ့ဆိုတော့ဘယ်သူတွေ ထိခိုက်လဲဆိုရင်အခြေခံလူတန်းစားတွေပဲထိခိုက်တာ။

ပိုက်ဆံရှိတဲ့သူအတွက်ကကိစ္စမရှိဘူး။ဘာလို့လဲဆိုသူကပိုက်ဆံရှိလို့ဝယ်မယ့်သူဆိုတော့နိုင်ငံတော်က သတ်မှတ်ဈေးနဲ့မင်းတို့ ရောင်းမှာလား။ မရောင်းနိုင်ဘူးဆိုရင်လည်းရတယ်နော်။သူကပိုက်ဆံရှိတဲ့သူ။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူကတော့ငွေလိုလို့ရောင်းရမယ်။ ရောင်းတဲ့အခါ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ဈေးနဲ့ရောင်းရတာဖြစ်လို့ သူ့အတွက် နစ်နာတာပေါ့။

ဒါကြောင့် ကုန်ဈေးနှုန်းကိုဒီလိုသတ်မှတ်လို့မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။ဧပြီ ၂၂ ရက် နေ့လယ် ၁ နာရီ ဝ၅ မိနစ်မှာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၅၃ ဒေါ်လာရှိပြီး ပြည်တွင်း အကယ်ဒမီ (မီးလင်း)ရွှေက တကျပ်သားကို ၂၀ သိန်း ၈ သောင်း ၅ ထောင် ရှိတာတွေ့ရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *