အိပ်နေရင်းဆက်ကနဲ တုန်ပြီးအကြောဆွဲရခြင်း၏အကြောင်းအရင်း

တစ်ခါတစ်လေအိပ်နေတုန်း အကောင်းကြီးကနေဘာဖြစ်မှန်းမသိဆတ်ခနဲတုန်ပြီးအကြောဆွဲဖူးပါလား။တချို့ဆိုလက်တွေမြှောက်တာ၊ ခြေထောက်တွေကန်မိတာတွေအထိပါ ဖြစ်တယ်လေ။အဲ့ဒါကို ဆေးပညာအရ Sleep myoclonus လို့ခေါ်ပါတယ်။
ကလေးတွေမှာပိုပြီးအတွေ့ရများပါတယ်။လူကြီးတွေမှာလည်းရံဖန်ရံခါတွေ့ရတတ်ပါတယ်။ဒါမျိုး ဖြစ်လာရင်တက်တာများလား၊ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီးစိုးရိမ်တတ်ကြတယ်ဟုတ်။သူ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆိုတာဆက်ကြည့်ကြည့်ရအောင်။




ဘာကြောင့် ဖြစ်တာလဲ? ဖြစ်ရတဲ့အကြောင်းရင်းကို သေသေချာချာမပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ယူဆကြပါတယ်။ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ရနေပါပြီ။အတက်ရောဂါကတော့ ဦးနှောက်ထဲကလျှပ်စီးဓာတ်တွေကမောက်ကမဖြစ်တာကြောင့်ပါ။ ဒါကြောင့်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်




ဦးနှောက်မှာဒိုပါမင်းမညီမျှတာကိုဖြစ်စေတဲ့ ဆေးတွေ၊တချို့သောစိတ်ကျရောဂါကုဆေးတွေ၊ bismuthတွေပါ။ကံကောင်းတာကဆေးတွေရပ်လိုက်ရင် ပြန်သက်သာသွားပါတယ်။ restless legs syndrome လို့ခေါ်တဲ့အိပ်နေစဉ်ခြေထောက်ဂနာမငြိမ်ဖြစ်တာ၊ periodic limb movements of sleep လို့ခေါ်တဲ့အိပ်နေတုန်းမသိလိုက်ဘဲခြေတွေလက်တွေလှုပ်နေမိတာ၊မှေးခနဲအိပ်ပျော်တုန်းကြွက်သားတွေအကြောဆွဲတာ၊ ညအိပ်တုန်းခြေထောက်ကြွက်တက်တာစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။




ဘယ်နေရာတွေ ဖြစ်တတ်လဲ?နှုတ်ခမ်း၊ မျက်လုံး၊ ခြေချောင်း လက်ချောင်းတွေက စပြီး ခြေတွေ လက်တွေ အထိအကုန်ဖြစ်နိုင်ပါတယ်။တစ်ညကိုတစ်ခါတည်း ဖြစ်နိုင်သလို၊တစ်ခါမကလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင်ဆတ်ခနဲတုန်ပြီးပြီးသွားနိုင်သလို မိနစ်အနည်းငယ်လည်းကြာနိုင်ပါတယ်။
ဘယ်သူတွေမှာ ဖြစ်နိုင်လဲ?ကလေးရော လူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ လသားအရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။တစ်ခါတစ်လေကလေးတွေအိပ်နေရင်းတုန်တက်သွားတာတွေ့ဖူးမှာပါ။ မေမေတွေက ကလေးတစ်ခုခုကြောင့်လန့်သွားတယ်ထင်လို့ဖင်လေးပုတ်ပြီးစောင်လေးခြုံပေးလိုက်ပါတယ်။တကယ်တော့အဲ့တာ Sleep myoclonus ဖြစ်တာပါ။လူကြီးတွေမှာလည်းတစ်ခါတစ်လေဖြစ်တတ်ပါတယ်။




စိုးရိမ်ရလား?ကလေးတွေက များသောအားဖြင့် နည်းနည်းကြီးလာရင်သူ့အလိုလိုပျောက်သွားပါတယ်။ အရေးကြီးတာကအိပ်နေတုန်းမှာပဲတုန်ရပါမယ်။တုန်နေတုန်းနိုးလာရင်အတုန်ရပ်သွားရပါမယ်။နိုးနေတဲ့အချိန်မှာမတုန်ရပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ အတက်ရောဂါလားဆိုတာသေချာအောင် ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။လူကြီးတွေကတော့ သာမန်ပဲ တစ်ခါတစ်လေမှဆိုရင်ပြဿနာမရှိပါဘူး။

Sleep myoclonus ကိုရောဂါလို့ မသတ်မှတ်လို့ပါ။ဒါပေမယ့်ခဏခဏဖြစ်နေတယ်။အိပ်လိုက်တာနဲ့ ဖြစ်နေလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးကုသမှုခံယူသင့်ပါတယ်။အကြောင်းက multiple sclerosisတို့၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ပါကင်ဆန်တို့ဟာလည်းဒီလိုလက္ခဏာမျိုးနဲ့လာနိုင်လို့ပါ။Sleep myoclonus ဆိုတာကြို့ထိုးတာ၊တစ်ယောက်ယောက်က စလိုက်လို့လန့်သွားပြီး တုန်တက်သွားတာတို့နဲ့သဘောတရားချင်း တူတူပါပဲ။




ဒါကြောင့်လည်းရောဂါလို့ မသတ်မှတ်တာပါ။ ဒါပေမယ့် ပြောခဲ့သလိုမျိုး အပေါ်ကအချက်တွေ ရှိနေမယ်ဆိုရင်တော့ နောက်ခံရောဂါတစ်ခုခု ရှိနေနိုင်တာမို့လို့ ဆရာဝန်နဲ့ပြသဖို့ အကြံပေးလိုပါတယ်။