သရက်သီးတွေလှိုင်လှိုင်ပေါနေပြီဆိုတော့ သရက်သီးစိမ်းသနပ်လုပ်စားကြမယ်

ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီးခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။
သရက်သီးသနပ်
ပါဝင်ပစ္စည်း
၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး)
၂။ဆီ-၄၀ ကျပ်သား
၃။ဂျင်း-လက်တဆစ်




၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း)ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။
၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း)
၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း)




၇။ဆား-၃(ထမင်းစားဇွန်း)
၈။ကြက်သွန်ဖြူ – ၅ကျပ်သား
ပြုလုပ်နည်း
၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက်အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်းပြီးတခြမ်းကို၈စိတ်စိတ်ပါ။
၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီးတနာရီလောက်လေသလပ်ခံထားပါ။




၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကိုလည်းသန့်စင်ပြီးနေလှန်းပါ။
၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက်တညက်အမှုန့်ကြိတ်ပါ။
၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။
၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့်ပြီးဆီသတ်ပါ။




၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက်ချပြီးပဲနံ့သာအမှုန့်၊ဇီယာမှုန့်နဲ့ငရုတ်မှုန့်ထည့်ပြီးမွှေပါ။ဆီအဆူရပ်သည်အထိမွှေပါ။ဆီနည်းနည်းအေးလာပြီဆိုမမွှေတော့ဘဲဆီအေးသည်ထိထားပါ။
၈။ဆီတခါထဲအေးပြီဆိုဆားထည့်မွှေပါ။




၉။သရက်သီးကိုခြောက်သွေ့တဲ့ဇလုံတခုထဲထည့်ပြီးဆီထဲကအနှစ်တွေထည့်ကာနှံ့စပ်အောင်လက်အခြောက်နဲ့ဆုပ်နယ်ပါ။ကြက်သွန်ဖြူပါထည့်နယ်ပါ။
၁၀။ကျန်တဲ့ဆီပါထည့်ပြီးနှံ့အောင်နယ်ပါ။
၁၁။ခြောက်သွေ့နေတဲ့ပုလင်းထဲထည့်ပြီးလေလုံအောင်ထားပါ။တပတ်လောက်နေရင်ထမင်းစားမြိန်စေမယ့်သရက်သီးသနပ်လေးကိုရပါပြီနော်။

မှတ်ချက်။ ။သရက်သီးသနပ်ထည့်ပြီးတရက်လောက်နေရင်ပုလင်းကိုကြည့်ကြည့်ပါ။ဆီမမြုပ်နေဘူးဆိုနောက်ထပ်ဆီကိုဆူအောင်တည်အအေးခံပြီးတခါထဲအေးပြီဆိုသရက်သီးမြုပ်အောင်ထည့်ပါ။ဆီမမြုပ်ရင်မှိုလိုက်တတ်ပါတယ်။အဆင်ပြေကြပါစေ။
Ref; ဇီဇဝါ