မေလအထိ အချိန်ပိုင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းအားဆောင်ရွက်မည်ဖြစ်ကာ ယခုလောက်ထိမီးပြတ်မှာမဟုတ်တော့ဘူးဟုပြော

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၂ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။တာပိန်(၁)ရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိမည့် ဓာတ်အား ၁၂၀ မဂ္ဂါဝပ်အားဝယ်ယူနိုင်ရန်ညှိနှိုင်းလျက်ရှိပြီး




ဘီလူးချောင်းရေအားလျှပ်စစ်မှထွက်ရှိမည့်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်းနိုင်ငံတော်ဓာတ်အားစနစ်သို့ပြန်လည်ပို့လွှတ်နိုင်ရန်နှင့်ဖျက်ဆီးခံထားရသည့်တာဝါတိုင်များကိုလည်းပြန်လည်ပြင်ဆင်လျက်ရှိသည်။
“မေလမှာလျပ်စစ်ဓာတ်အားလိုအပ်ချက်ကိုပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေမယ့်အခုထက်များစွာလျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်မှာဖြစ်သလိုဝန်အားလျော့ချခြင်းတွေကိုလည်းအနည်းငယ်သာဆောင်ရွက်သွားမှာပါ”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။




လက်ရှိအချိန်တွင်လျှပ်စစ်မီးအားအချိန်ပိုင်းဖြင့်ဖြန့်ဖြူးပေးရာတွင်ဓာတ်အားပြတ်တောက်ချိန်နှင့်ပြန်လာချိန်များအား အချိန်တိကျမှုရှိစေရန် နစကမှသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ ဓာတ်အားပြတ်တောက်ချိန်၊လာချိန်များအား ပြည်သူများသိရှိနိုင်စေရန်အချိန်ထုတ်ပြန်ပေးသွားမည်ဟုသိရသည်။




“လျှပ်စစ်ဓာတ်အားလိုအပ်ချက်နဲ့လက်ရှိထုတ် လုပ်နိုင်တဲ့ ပမာဏကြောင့် ဝန်အားထိန်းညှိလျော့ချခြင်းတွေကို မတ် ၁၈ ရက်ကစပြီးအချိန်ပိုင်းအလိုက် နေရာအလိုက်လျော့ချပြီးခွဲဝေဖြန့်ဖြူးပေးခဲ့ပါတယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်ပေးနိုင်ဖို့ကိုလည်း ကျွန်တော်တို့ဘက်ကကြိုးစားနေပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ပြည်သူများလျှပ်စစ်ဓာတ်အားပိုမိုရရှိနိုင်စေရန်ရပ်နားထားသည့် LNG စက်ရုံများအားပြန်လည်လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကာရေရှည်အနေဖြင့်အလယ်ပေါင်းလောင်းလျှပ်စစ်စီမံကိန်း၊အထက်ရဲရွာလျှပ်စစ်စီမံကိန်းနှင့်သဌေးလျှပ်စစ်စီမံကိန်းတို့အားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။




ထို့ပြင် ကျောက်ဖြူဒေသရှိ ရွှေဓာတ်ငွေ့မှ ကုဗပေ ၁၀ သန်းအားအသုံးပြုပြီး စုစုပေါင်း လျှပ်စစ် ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်ထားပြီးဖြစ်၍ ဓာတ်ငွေ့ပိုက်လိုင်းများအား တိုးချဲ့ပြုပြင်လျက်ရှိကာ လုပ်ငန်းများပြီးစီးပါကတစ်ရက်လျင် ကုဗ ပေသန်း ၃၀ တိုးချဲ့ပြီး ၁၉၅ မဂ္ဂါဝပ်အထိထပ်မံတိုးချဲ့ဖြန့်ဖြူးပေးသွားမည်ဟုသိရသည်။




အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းများအနေဖြင့် ၄၀ မဂ္ဂါဝပ်ထွက်ရှိမည့် လက်ပံလှစီမံကိန်း၊ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့်ညောင်ပင်ကြီးစီမံကိန်းတို့မှာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
“ဆိုလာလျှပ်စစ်အနေနဲ့ ၆၃၅ မဂ္ဂါဝပ်ထွက်ရှိမယ့် စီမံကိန်း ၁၈ ခုကိုတင်ဒါခေါ်ထားပြီး ၃၀ မဂ္ဂါဝပ်ထွက်ရှိမယ့် စီမံကိန်း ၁၁ခုကတော့တင်ဒါခေါ်တာပြီးသွားပြီဖြစ်တဲ့အတွက်ဓာတ်အားဝယ်ယူရေးစာချုပ် ချုပ်ဆိုဖို့ညှိနှိုင်းနေပါတယ်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။