Foodpanda ဝန်ထမ်းများဆန္ဒပြခဲ့ကြပြီနောက်ကုမ္ပဏီမှ အော်ဒါကြေးတိုးမြှင့်ပေးမယ် ဟုကြေညာ

Foodpanda ဝန်ထမ်းများဆန္ဒပြခဲ့ကြပြီနောက်ကုမ္ပဏီမှ အော်ဒါကြေးတိုးမြှင့်ပေးမယ် ဟုကြေညာ

အစားအသောက်ပို့တဲ့ဝန်ဆောင်မှု Foodpanda ကုမ္ပဏီကိုအစားသောက်ပို့ဆောင်ပေးတဲ့ rider တွေက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီးနောက် ကုမ္ပဏီဘက်က အော်ဒါကြေးတိုးမြှင့်ပေးမယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပို့ဆောင်ခရမယ့် အော်ဒါကြေးကို တွက်ချက်တဲ့စနစ်က ချို့ယွင်းခဲ့ပြီးနောက် အခုလိုဖြစ်လာခဲ့တာလို့ ကုမ္ပဏီဘက်က အကြောင်းပြပါတယ်။ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ကစက်ဘီးနဲ့ ပို့ဆောင်သူတယောက်က “အဲဒီနေ့ (မတ် ၁၆ ရက်) ကျနော်ကမနက် ၇ နာရီအလုပ်ဆင်းရမယ်။

လိုင်းပေါ်မှာ ၆ နာရီခွဲကတည်းကရှိနေလိုက်တယ်။ ၆ နာရီ ၄၅ မိနစ်မှာ အော်ဒါတခုဝင်လာတယ်။ တာမွေမေတ္တာညွန့် ဧရာဝတီ ဒေါ်စောဆိုင်ကနေရန်ကင်းကို ၃၇၅ ကျပ်နဲ့။ကျနော်ငြင်းလိုက်တယ်။ နောက်တော်တော်ကြာတော့အော်ဒါတခုထပ်ဝင်တယ်။ အဲဒါကတော့ ၈၀၀ နဲ့။ အဲဒီနေ့က အဲဒီတခုပဲ ရလိုက်တယ်” လို့ ပြောပါတယ်။

Foodpanda တာဝန်ရှိသူတယောက်ကတော့ “မတ်လ ၁၆ ရက်နေ့ မနက် ၇ နာရီကနေ ၇ နာရီခွဲ အချိန်အတွင်း တချို့မြို့က rider တွေအတွက် system ကနေအော်ဒါကြေးတွေမှားယွင်းစွ တွက်ချက်မှုများဖြစ်ပေါ်ခဲ့ကြောင် ကျနော်တို့သိခဲ့ရပါတယ်။သိသိချင်းအမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ပြီး rider တွေအတွက်လျော့နည်းသွားတဲ့အော်ဒါကြေးတွေကို ပြန်လည်တွက်ချက်ပေးပြီ

ပုံမှန်လစာဝင်မယ့်အချိန်မှ တခါတည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း အလားတူ system ချို့ယွင်းမှုမျိုးဖြစ်ခဲ့ပြီးသက်ဆိုင်ရာဌာနတွေကနေ အမြန်ဆုံးပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။ system ကလိုအပ်ချက်တွေကို ပိုမိုကောင်းမွန်လာအောင်အစဉ်တစိုက် ကြိုးစားလုပ်ဆောင်နေပါတယ်။

အခုလို ချို့ယွင်းချက်ကြောင့် အဆင်မပြေဖြစ်သွားတဲ့ rider တွေကိုလည်း မေတ္တာရပ်ခံလိုပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။Foodpanda က ပို့ဆောင်သူတယောက်ကတော့ အရင်တခါမှားယွင်းခဲ့တုန်းက နီးသည်ဖြစ်စေဝေးသည်ဖြစ်စေအော်ဒါတခုကို ကျပ် ၅၀၀ နှုန်းနဲ့ပဲပေးခဲ့တာဖြစ်ပြီးလစာဝင်ချိန်မှာ ပြင်ဆင်ဖြည့်ပေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့မတ် ၁၆ ရက်ကမှားယွင်းတွက်ချက်ခဲ့တဲ့နောက်မှအစားအသောက်ပို့ဆောင်သူတွေက ဆက်လက်မပို့ဘဲရပ်နားထားကြဖို့တိုင်ပင်ခဲ့ပြီးရန်ကုန်အပါအဝင်မြို့တချို့မှ ရပ်နားခဲ့ကြပါတယ်။ ဒီလိုဖြစ်နေတာကိုကုမ္ပဏီကမဖြေရှင်းခဲ့ဘဲပို့ဆောင်သူအသစ်တွေခေါ်ယူဖို့ ကြိုးစားခဲ့တာကိုလည်းတွေ့ရပါတယ်။

“ကျနော်တို့ပို့ရတဲ့ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ ရန်ကင်းမြို့နယ်တို့ထဲမှာ rider ၈၀၀ လောက်ရှိတယ်။ အခု ကျနော်တို့ မပို့ဘဲနားထားကြတယ်။လက်ရှိမှာပို့နေတာ ၁၀ ယောက်တောင်မရှိတော့ဘူး။ ဒီလိုကာလမှာ ရုံးရှေ့မှာသွားပြောရင်လည်း ဘာမှရမှာမဟုတ်ဘူးလေ။

ဒီတိုင်းဆို နှစ်ဦးနှစ်ဖက်ပျက်စီးသွားလိမ့်မယ်။ ဇုန်ခေါင်းဆောင်တွေရှိတယ်။သူတို့ကတဆင့် ညှိနှိုင်းမှ ပြေလည်မှာပေါ့။ ခုထိတော့ အဲလိုဆွေးနွေးတာမတွေ့ရသေးဘူး” လို့ ပို့ဆောင်သူတယောက်ကပြောပါတယ်။foodpanda ဟာ မြန်မာနိုင်ငံကမြို့ပေါင်း၁၉ မြို့မှာစားသောက်ဆိုင်ပေါင်း ၃၀,၀၀၀ ကျော်နဲ့ လက်တွဲလုပ်ကိုင်နေပြီး

အလွတ်တမ်းသဘော သီးခြားလွတ်လပ်တဲ့ rider ပေါင်း ၈,၀၀၀ ကျော်နဲ့ ပို့ဆောင်နေတာဖြစ်ပါတယ်။အခုလို ပြဿနာတွေဖြစ်ပြီးနောက်အော်ဒါကြေးတိုးမြှင့်ပေးဖို့နဲ့ဆိုင်ကယ်နဲ့ ပို့ရတဲ့မြို့တွေမှာဓာတ်ဆီအပိုသုံးရတာအတွက်အော်ဒါကြေးတိုးပေးဖို့ သက်ဆိုင်ရာမြို့အသီးသီးကမန်နေဂျာတွေကအသိပေးလိမ့်မယ်လို့ထုတ်ပြန်ထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *