ပုဆိုးခြုံထဲကပျားဖွတ်သမားနှင့် ပျားနဲ့တူသောလူ

ဖတ်ရတာတန်ဖိုးရှိတဲ့စကားလေးဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနီးဆုံးလူကပဲကိုယ်ကိုဒုက္ခပေးနိင်တာပါ။အဲဒီနေ့ကပေါ့..ပဲခူး ရိုးမတောင်ခြေဖဒိုမြို့မှာနေတဲ့ကျွန်တော့်ကိုရန်ကုန်မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကပျားရည်စစ်စစ်တစ်ပုလင်းလောက်လိုချင်တယ်ဆိုပြီးလူကြုံမှာတယ်။




အမှန်တော့ဖဒိုမှာလည်း ပျားရည်စစ်စစ်ရှားပါတယ်။သစ်ခုတ်၊ဝါးခုတ်ရင်း အမဲလိုက်တဲ့ လူတချို့ဆီကမှရံဖန်ရံခါ ပျားရည်စစ်စစ်ရတတ်တာမို့ တောင်ပေါ်ကကရင်လူမျိုးအသိတစ်ယောက်ဆီပျားရည်သွားမှာရတာပေါ့။
အခန့်သင့်တယ်ပြောရမလား မသိ အဲဒီလူဆီမှာမနေ့ကမှ ဖွတ်လာတဲ့ပျားရည်ပုလင်းတစ်ချို့ ရလိုက်တယ်။ဂျီတစ်ကောင်နောက်လိုက်ရင်းပျားအုံအသေးတစ်အုံတွေ့လို့ မီးခိုးမှိုင်းတိုက်ပြီးပျားရည်ဖွတ်ခဲ့ကြောင်း သူကပြောပြတယ်။




”ဝမ်းသာလိုက်တာဗျာ။မြို့ကလူတွေက တောကနေ ပျားရည်မှာတိုင်းအစစ်ရမယ်ထင်တတ်ကြတယ်..ကျွန်တော့်မှာတာဝန်ကြီးသဗျာ..အတီးတို့ဆီကရမှပေးမယ်ဆိုပြီးတွေးထားတာခုတော့ရေကန်အသင့် ကြာအသင့်ပဲ..
”ပျားရည်ဝယ်ပြီး အိမ်ပြန်မယ်အလုပ်မှာအချိန်အခါမဟုတ် မိုးရွာချတာနဲ့မုဆိုးကြီးအိမ်မှာပဲမိုးခိုရင်းဝင်ထိုင်ရတာပေါ့။ဂျီသားမီးဖုတ်နေတဲ့သူကတောအရက်လေးသောက်သွားပါလားလို့ဧည့်ခံတာနဲ့ ကျွန်တော်လည်းဘုရားလည်းဖူးရင်းလိပ်ဥတူးဆိုသလိုတစ်ခွက်တစ်ဖလားဝင်မော့တယ်။




အရက်လေးသောက်၊ဂျီသားလေးမြုံ့ရင်းတောအကြောင်းတောင်အကြောင်းသူ့ အတွေ့အကြုံတွေအကြောင်းစကားပြောကြရာကပျားဖွတ်တဲ့ဆီစကားစရောက်သွားတယ်။”အတီးရေ…ကျွန်တော် လွန်ခဲ့တစ်လလောက်ကအသိတစ်ယောက်အိမ်ကိုသွားလည်တုန်းသူတို့သရက်ပင်အောက်မှာ ပျားတုတ်ခံရတာထွက်ပြေးလည်းမလွတ်ဘူးဗျာ..




သုံးလေးချက် အတုတ်ခံလိုက်ရတာအီစလံဝေ သွားတာပဲ..အတီးတို့ ပျားဖွတ်တဲ့အခါ ပျားအုံကိုမီးခိုးမှိုင်းတိုက်တော့ပျားတွေထွက်မတုတ်ဘူးလားဗျ..”ကျွန်တော်ကမေးလိုက်တော့ သူကရယ်ပြီး”ပုဆိုးခြုံလိုက်ရင်လုံတာပဲလေ..”လို့ခပ်နောက်နောက်ပြန်ဖြေတယ်။
ပြီးတော့မှအရက်ကိုတစ်ငုံသောက်ပျစ်ခနဲ တံတွေးကိုထွေးလိုက်ပြီးဂျီသားတစ်ဖက်ကို ကောက်ဝါးလိုက်ရင်းမှသူက စကားဆက်ပြောတယ်။”တကယ်ပဲ ပုဆိုးခြုံပြီး ပျားဖွတ်တာကွ..ပျားသဘာဝကို ငါ့တူကမသိလို့..




သူတို့ ပျားအုံကိုလူကလာထိတဲ့အခါပျားတွေကထွက်ပြီးအရင်စူးစမ်းတယ်..အဲဒီအခါလူကကြောက်လို့ ထွက်ပြေးရော..အဲဒါမှရန်သူဆိုတာကျိန်းသေလို့အဲဒီလူကိုပိုမဲပြီးလိုက်တုတ်တာ..မင်းစိတ်ရဲဖို့ပဲလိုတယ်..
သစ်ပင်အောက်တည့်တည့်ကိုပုဆိုးခြုံလေးခြုံပြီး အသာလေးကပ်သွား..ပြီးရင် အရေးအကြီးဆုံးကခန္ဓာကိုယ်ကိုသစ်ပင်နဲ့ထိနေပစေ..ဒါဆိုရင် ပျားတွေကအဲဒီလူကိုရန်သူလို့မထင်တော့ဘူးကွ..သူတို့တည်မှီရာသစ်ပင်ကသစ်ကိုင်းတစ်ခုလို့ပဲထင်သွားတတ်ကြတယ်။




ပျားတွေဟာမီးခိုးမှိုင်းကြောင့်အဝေးမှာရန်သူလိုက်ရှာနေတုန်းအနီးဆုံးမှာရှိနေတဲ့ငါကအေးအေးဆေးဆေးပျားဖွတ်တော့တာပဲ..သူတို့ကို ဖြိုချတဲ့ ရန်သူဟာသူတို့နဲ့ အနီးဆုံးမှာ ငြိမ်နေတဲ့သူတို့နဲ့တစ်သားထဲသစ်ပင်လို့ထင်နေတဲ့ပုဆိုးခြုံထဲကလူလို့မထင်ကြရှာဘူး..ဟဲဟဲဟဲ…”
‘….အို…..”ခဏအကြာမှာ မိုးစဲသွားပြီဖြစ်လို့ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တယ်။




”သူတို့ကို ဖြိုချတဲ့ ရန်သူဟာသူတို့နဲ့ အနီးဆုံးမှာငြိမ်နေတဲ့၊သူတို့နဲ့တစ်သားထဲသစ်ပင်လို့ထင်နေတဲ့ပုဆိုးခြုံထဲကလူလို့မထင်ကြရှာဘူး..”ဆိုတဲ့
စကားသံကိုနားထဲမှာ ပြန်ကြားနေရင်း ရင်ထဲမှာအတွေးတွေ အုံ့အုံ့ပျံ့ပျံ့ဝင်လာတယ်။လိုချင်တာ တစ်ခုခုရှိလို့ကိုယ့်အနားကိုမိတ်ဆွေအရေခြုံပြီးကပ်လာကြတဲ့လူတစ်ချို့အကြောင်း..။အိုး…သိပ်ဖော်ရွေတာပဲ..ကိုယ့်ကိုသိပ်ပြီး နားလည်မှုရှိတာပဲ။ကိုယ့်အပေါ်သိပ်ပြီးဂရုစိုက်ပြတာပဲ။




သူတို့လောက်ကောင်းတဲ့သူကမ္ဘာပေါ်မှာမရှိတော့သလိုဟန်ဆောင်ကောင်းတဲ့ပျားဖွတ်သမားလိုလူတွေ လူတွေ..။နှစ်ကိုယ့်တစ်စိတ်လိုမျိုး ကိုယ်အစစအရာရာယုံကြည်သွားခါမှသူတို့လိုချင်တာရဖို့မီးခိုးမှိုင်းတိုက်ပြီးကိုယ့်ကိုပျက်ဆီးရာပျက်ဆီးကြောင်းကြံကြပါလေရော..




ကိုယ့်မှာတော့ ရန်သူကိုဟိုး အဝေးမှာလိုက်ရှာလို့ ပုဆိုးခြုံထဲကပျားဖွတ်သမားကိုကိုယ့်အပင်ကသစ်ကိုင်းထင်နေတဲ့ပျားလိုအနီးမှာရှိနေတဲ့လူကိုမိတ်ဆွေရင်းလို့ထင်မိနေဆဲ။ယုံကြည်နေဆဲ..လိုချင်တာရသွားတဲ့အချိန်(သို့မဟုတ်)ကိုယ်လည်း ပျက်စီးနိမ့်ကျသွားတဲ့အခါကျတော့




သူတို့လိုလူမျိုးတွေဟာကိုယ့်ကို ရှိတယ်တောင် မထင်..လှည့်တောင်မကြည့်..လမ်းတွေ့ရင်တောင် မမြင်ယောင်ဆောင်ရှောင်ဖယ်သွားတတ်ကြတဲ့ပျားဖွတ်သမားလို မိတ်ဆွေအရေခြုံထားတဲ့လူတချို့ အကြောင်းတွေးမိပြီးမချိပြုံး ပြုံးမိတယ်။
ရက်အနည်းငယ်အကြာမှာတော့ လမ်းကြုံတာနဲ့ပျားရည်ပုလင်းလေးကိုသေသေချာချာထုတ်ပိုးပြီး ရန်ကုန်ကိုယူလာခဲ့ပါတယ်။မှာထားတဲ့မိတ်ဆွေကို ပျားရည်ပေးတော့သူကကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောရှာတယ်။”အဖေ့အတွက် ဆေးဖော်ဖို့ လိုနေတာဗျာ..ကျေးဇူးနော် ကိုစိုးထိုက်ရေ..”




ပျားရည်ပုလင်းလေးကို ဗီရိုထဲသိမ်းဆည်းပြီးနောက်အဲဒီမိတ်ဆွေကကျွန်တော့်ကိုစကားဆက်ပြောတယ်။”အဖေ့ကိုပျားရည်နဲ့ဆေးဖော်တာမပြောရဲဘူးဗျ..ပျားရည်ဆိုတာအသိုက်အမြုံပျက်ပြီးမှရလာတာမို့ မသုံးချင်ဘူးတဲ့လေ..ဘယ်တတ်နိုင်မလဲဗျာ..စိတ်တော့မကောင်းဘူးပေါ့.




ပျားတွေခမျာလည်းအဖိုးတန်ပျားရည်ကြောင့်အသိုက်အမြုံပျက်ရရှာတာသဘာဝပဲလေ..””ဗျာ…”အမှတ်မထင်ပြောလိုက်တဲ့မိတ်ဆွေရဲ့စကားအဆုံးမှာကျွန်တော့်စိတ်ထဲ အတွေးတွေ ထပ်ဝင်လာပါလေရော။
အောင်မြင်မှုဆိုတဲ့ ပျားရည်တွေ၊ကျော်ကြားမှုဆိုတဲ့ပျားရည်တွေ၊ရာထူးအာဏာဆိုတဲ့ပျားရည်တွေ၊ချမ်းသာမှုဆိုတဲ့ ပျားရည်တွေ..ဘဝတစ်လျှောက်လုံးကိုယ်ကြိုးစားပမ်းစားတည်ဆောက်ထားတဲ့သိပ်ချိုမြိန်ပါတဲ့ဆိုတဲ့အဲဒီအရာတွေကတစ်ခါတစ်လေမှာလည်းကိုယ့်ကိုပြန်ပြီးဒုက္ခပေးနိုင်ပါလား..။




ကိုယ့်ကိုဖြိုချမယ့်သူတွေကို လက်ယပ်ခေါ်နေတဲ့ပျားရည်လိုဂုဏ်ပကာသနတွေဖြစ်နေနိုင်ပါလား..။အတွေးတွေများနေစဉ်မှာပဲမိတ်ဆွေက ”ပျားရည်ဖိုး ဘယ်လောက်လဲ”လို့ ကျွန်တော့်ကိုမေးတယ်။”အခကြေးငွေ မပေးပါနဲ့ဗျာ။ဒီပျားရည်ပုလင်းလေးကကျွန်တော့်ကိုအတွေးတွေအများကြီးပေးခဲ့တယ်..”လို့သူ့ကိုပြောခဲ့ပါတယ်။




ကိုယ့်အနားကိုပုဆိုးခြုံပြီးဝင်လာမယ့်ပျားဖွတ်သမားလိုမိတ်ဆွေတုတွေအကြောင်းရော..အောင်မြင်မှု ကျော်ကြားမှုချမ်းသာမှုစတဲ့ကိုယ်တည်ဆောက်ထားတဲ့အရာတွေဟာလည်းတစ်ခါတစ်လေမှာကိုယ့်ကို ဒုက္ခပေးနိုင်မယ့်ပျားရည်တွေဖြစ်နိုင်တဲ့အကြောင်းတွေရောဆင်ခြင်တွေးတောရင်းအိမ်ကို ပြန်လာခဲ့ပါတော့တယ်။
ခရက်ဒစ် -ကိုစိုးထိုက်(ဖဒို)
4-3-2022-KhonOo