နှစ်စဥ်မတ်လ(၁၅)ရက်မှမေလ(၁၅)ရက်တွင်းမိုးတိမ်တောင်များကြောင့်ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များအားဘယ်လိုကာကွယ်ကြမလဲ

နှစ်စဥ်မတ်လ(၁၅)ရက်မှမေလ(၁၅)ရက်တွင်းမိုးတိမ်တောင်များကြောင့်ဖြစ်ပေါ်လာနိုင်သည့်သဘာဝဘေးအန္တရာယ်များအားဘယ်လိုကာကွယ်ကြမလဲ

နွေခေါင်ခေါင်ကာလအတွင်းမိုးရွာသွန်းသည်ကိုမြန်ပြည်တခွင်ရှိပြည်သူများမှအပူဒဏ်လျှော့ပါးသက်သာ၍အနှီမိုးကြောင့်သောက်သုံးနှင့်စိုက်ပျိုးရေးအတွက်သုံးရန်ရေများရရှိသည့်အတွက် မိုးကိုလိုလားကြသည်မှာနှစ်စဉ်လိုလိုပင်ဖြစ်ပါတယ်။

သို့သော်နွေလယ်ကာလများ၌အချိန်အခါမဟုတ်ရွာသွန်းသောမိုးနှင့်အတူပါလာတတ် သည့်လေပြင်းတိုက်ခတ်မှု၊မိုးကြိုးပစ်မှု၊မိုးသီးကြွေကျမှုနှင့်လေဆင်နှာမောင်းတိုက်ခတ်မှုစသောသဘာဝဘေး များမှာအတူတွဲပါလာတတ်မြဲဖြစ်သကဲ့သို့

ယင်းသဘာဝဘေးများကြောင့်နှစ်စဉ်လူနှင့်ကျွဲနွားတိရစ္ဆာန်များအပါအဝင်လူနေအိမ်ခြေနှင့်ရုံးဌာနများ၊သာသနိကအဆောက်အအုံများပျက်စီးဆုံးရှုံးမှုများကလည်းနှစ်စဉ်လိုလိုပဲ ဖြစ်ပါတယ်။ယင်းသို့မိုးကြိုကာလဖြစ်သောနွေလယ်လများအတွင်းနေရာကွက်၍မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းများ တိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်း၊မိုးကြိုးပစ်ခြင်း ၊လေဆင်နှာမောင်းတိုက်ခြင်းနှင့်လျှပ်တပြတ်ရေကြီးခြင်း စ သောသဘာဝဘေးအန္တရာယ်အခြေအနေများသည်

ယခင်ကတည်းကဖြစ်ပွားမှုများရှိခဲ့သော်လည်းရာသီဥတုဖောက်ပြန်မှုနှင့်သဘာဝပတ်ဝန်ကျင်ပျက်စီးယိုယွင်းမှုများပြားလာသည်နှင့်အမျှ၂၀၀၈ခုနှစ်နှောင်းပိုင်းမှစတင်၍ယင်းကဲ့သို့ဘေးအန္တရာယ်များကျရောက်မှုမှာလည်းတစ်နှစ်ထက်တစ်နှစ်ပိုမိုမြင့်မားလာကြောင်းမိုးလေဝသပညာရှင်များနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များကဆိုကြပါတယ်။

ဒီနှစ်လည်းမိုးရွာတော့မယ် ဆိုတာနဲ့ အား လုံးလိုလိုကထိတ်လန့်နေကြတယ် “လို့ဘိုကလေးမြို့နယ် တွင်နေထိုင်သူ ကိုခင်မောင်ဝင်းကဆိုပါတယ်။အမှန်စင်စစ် မိုးကြိုကာလအတွင်းကျရောက်နိုင်သောသဘာဝဘေးမှာမိုးကြိုကာလအပူပိုင်းမုန်တိုင်းနှင့် လေထု မငြိမ်သက်ရာမှဖြစ်သောမိုးတိမ်တောင်ကြောင့်ဖြစ်သည့်သဘာဝဘေးဟူ၍နှစ်မျိုးသာရှိကြောင်း၊

မုန်တိုင်း အန္တ ရာယ်နှင့်ပတ်သတ်၍ပြည်သူများအနေဖြင့်သိရှိပြီးဖြစ်သော်လည်းမိုးတိမ်တောင်များကြောင့်ဖြစ်သောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍သိရှိမှုနည်းပါးနေသေးကြောင်း၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှအရာရှိတစ်ဦးကပြောပါတယ်။

“နှစ်စဉ်လိုလိုကမတ်လ၁၅ရက်နေ့ကနေ မေလ၁၅ရက်နေ့ကတော့မိုးတိမ်တောင်ရာသီလို့တောင်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအချိန်ကအပူချိန်ပြင်းထန်တဲ့ရာသီဖြစ်သလိုရေငွေ့ပြန်မှုတွေများတဲ့ အတွက်လေထုမငြိမ်သက်မှုတွေလည်းအများဆုံးဖြစ်ပေါ်လေ့ရှိတဲ့အချိန်အခါလည်းဖြစ်တယ်။

ဒီကြားထဲမှာ မှဘင်္ဂလားပင်လယ် ဘက်ကဝင်လာတဲ့လေစီးကြောင်းတွေနဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေတွေကမိုးတိမ်တောင်တွေဖြစ်ဖို့ကိုပိုအားပေးသလိုဖြစ်နေတယ်။ဒါ့ကြောင့်ဒီကာလအပိုင်းအခြားမှာလေပြင်း၊လေဆင်နှာမောင်းတိုက် တာတွေအပြင်အချိန်အခါမဟုတ်မိုးရွာတာနဲ့မိုးသီးကြွေတာ၊မိုးကြိုးပစ်တာတွေဖြစ်တတ်လို့သတိပြုသင့်တယ်” လို့

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနမှအငြိမ်းစားညွှန်မှူးတစ်ဦးကပြောပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများအနက်အောက်ခံမျက်နှာပြင်ပူပြင်မှုကြောင့် ဖြစ်ခြင်း၊ လေပူလေအေးရောနှောမှုကြောင့်ဖြစ်ခြင်း၊မြင့်မားသည့်ကုန်းမြင့်တောင်တန်းများကြောင့်ဖြစ်ခြင်းနှင့်လေအေးဆိုင်ဇုံများကြောင့်ဖြစ်ခြင်းစသည့်အကြောင်းအရင်းလေးမျိုးအနက်

မြန်မာနိုင်ငံတွင်လေအေးဆိုင်ဇုံများကြောင့်မိုးတိမ်တောင်ဖြစ်ပေါ်မှုအားသိပ်တွေ့ရလေ့မရှိကြောင်း၊သို့သော်မည်သည့်နည်းကြောင့်မိုးတိမ်တောင်ဖြစ်ပေါ်သည်ဖြစ်စေမိုးတိမ်တောင်များမှပေးသောသဘာဝဘေးအန္တရာယ်များမှာအတူတူပင်ဖြစ်ကြောင်း၊

အထူးသဖြင့်မြန်မာ နိုင်ငံတွင် မိုးကြိုကာလဖြစ်သော မတ်လ၁၅ ရက်မှ မေလကုန်အထိမိုးတိမ်တောင်များဖြစ်ပေါ်လေ့ရှိကြောင်း၊ယင်းအပြင်မိုးတိမ်တောင်များဖြစ်ပေါ်ပါကမိုးခြိမ်းခြင်း၊၊မိုးသီးကြွေခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးများလက်ခြင်း၊နေရာကွက်၍မိုးကြီးခြင်း၊လေပြင်းတိုက်ခြင်းနှင့်လေဆင်နှာမောင်းတိုက်ခတ်ခြင်းရေဆင်နှာမောင်းတိုက်ခတ်ခြင်း၊

ပင်လယ်စုန်းမီးတောက်ခြင်း နှင့်စိုက်ဆင်းလေပြင်းများကျရောက်ခြင်းတို့အားကြုံတွေ့ရလေ့ရှိကြောင်း၊အကြမ်းဖျင်းအားဖြင့်မိုးတိမ်တောင်များသည်မတ်လမှနိုဝင်ဘာလအထိဖြစ်ပေါ်လေ့ရှိသော်လည်းနွေရာသီနှင့်မိုးကြိုကာလဖြစ်သောမတ်လမှမေလအတွင်းအများဆုံးဖြစ်ပေါ်တတ်ကြောင်း၊ကုန်းမြေတွင်ဖြစ်ပေါ်သောမိုးတိမ်တောင်များထက်

ရေပြင်တွင်ဖြစ်ပေါ်သောမိုးတိမ်တောင်များမှာပိုမိုအားကောင်းလေ့ရှိသောကြောင့်ဖြစ်ပေါ်သောလေပြင်းတိုက်ခတ်မှု၊လျှပ်တပြတ်ရေကြီးမှုများမှာယခင် ကထက်ပိုမိုဖြစ်ပွားလာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။

“တစ်နိုင်ငံလုံးမှာမိုးတိမ်တောင်ဖြစ်ဖို့အလားအလာတွေကမေလကုန်ပြီးတဲ့အထိရှိနေနိုင်တယ်။ဘင်္ဂလားဘက်က ရွေ့လာတဲ့ Norwester တွေကြောင့်ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးအနောက်မြောက်ပိုင်းဒေသတွေမှာမိုးတိမ်တောင်ဖြစ်ဖို့အလားအလာက ၇၅ ရာခိုင်နှုန်းအထိရှိနေပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကတော့မိုးတိမ်တောင်ဖြစ်ဖို့အလားအလာအနည်းဆုံးဖြစ်ပြီးတော့ ကျန်ဒေသတွေအား လုံးမှာကတော့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိရှိနေပါတယ်။မေလအတွင်းမုတ်သုန်လေဝင်တော့လည်း မုတ်သုန်လေဝင်ရာတစ်လျှောက်မှာ မိုးတိမ်တောင်တွေကဖြစ်နေဦးမှာပဲ” လို့မိုးလေဝသဆိုင်ရာကျွမ်းကျင်သူအငြိမ်း စားညွှန်မှူးဖြစ်သူ ကဆိုပါတယ်။

မိုးတိမ်တောင်ကြောင့်ဖြစ်ပေါ်တတ်သော သဘာဝဘေးဆိုးကျိုးများဘယ်လိုကာကွယ်ကြမလဲ

မိုးတိမ်တောင်များကြောင့်ဖြစ်ပေါ်တတ်သောသဘာဝဘေးအန္တရာယ်များတွင်လေပြင်းနှင့်လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊မိုးကြိုးပစ်ခြင်းများကြောင့်ထိခိုက်ပျက်စီးမှုနည်းနိုင်သမျှနည်းပါးစေရေးအတွက်နေ့စဉ် ထုတ်ပြန် လျှက် ရှိသော မိုးလေဝသသတင်းများအားအမြဲဂရုပြုနားစွင့်နေရန်လိုအပ်ကြောင်းနှင့်

မိုးတိမ်တောင်တွေကြောင့် ဖြစ်သည့်လေပြင်းတိုက်ခတ်မှုများသည် မိုးတိမ်တောင်ဖြစ်ပွားရာ၁၀မိုင်ပတ်လည်အတွင်းတွင်သာဖြစ်ပွားတတ် သည့်အတွက်မိုးတိမ်တောင်များဖြစ်ပွားနိုင်သောမွန်းလွဲပိုင်းနှင့်ညနေပိုင်းအချိန်များအားသတိထားရန်လိုအပ်ကြောင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးခြိမ်းသံများအားမြင်ကြားရပါကအန္တရာယ်နှင့်နီးကပ်နေသည့်အတွက်သတိပြုရန်လိုအပ်ကြောင်း၊

ယင်းအပြင် လေပြင်းများကျနေစဉ်နှင့်ကျပြီးစအချိန်များတွင် သစ်ပင်များနှင့်ဓာတ်တိုင် များလဲပြိုကျနိုင်သည့်အတွက်အန္တရာယ်ရှိသောနေရာများနှင့်ဝေးကွာစွာနေသင့်ကြောင်း၊ကျေးလက်နေပြည်သူများ အနေဖြင့်မိုးကြိုးအန္တရာယ်မှကင်းဝေးစေရန်အတွက်မွန်းလွဲနှင့်ညနေအချိန်များ၌လယ်ကွင်းပြင်များအတွင်း ဖြတ်သန်းသွားလာရာ၌လေပြင်းများတိုက်ခတ်ပါကမိုးကြိုးပစ်နိုင်သည့်အတွက်သတိပြု၍သွားလာရန်လိုအပ်ကြောင်းသိရပါတယ်။

“မိုးကြိုးပစ်သံကြားရင်ကြားတဲ့သူဟာမိုးကြိုးစက်ကွင်းနဲ့လေးမိုင်ပဲဝေးကွာတယ်။အဲဒီလိုအချိန်မျိုးမှာ ကွင်းပြင် တွေမှာ မနေဖို့နဲ့သံလိုက်လှိုင်းပါတဲ့ဖုန်း၊ရေဒီယိုစတဲ့အီလက်ထရောနစ်ပစ္စည်းတွေဖွင့်မထားဖို့လိုအပ်တယ်။နောက်ပြီးမိုးတိမ်တောင်ကြောင့်ဖြစ်ပေါ်နိုင်တဲ့အန္တရာယ်တွေကိုလယ်ယာလုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့သူတွေနဲ့ရေလုပ်သားတွေအနေနဲ့ပိုပြီးကြုံတွေ့ရလေ့ရှိတာမို့လို့အထူးသတိထားဖို့လိုပါတယ်”လို့မိုးဇလညွှန်မှူးအငြိမ်းစားကထပ်မံဖြည့်စွက်ပြောပါတယ်။

ယင်းအပြင်မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှအကြီးတန်းအရာရှိတစ်ဦးကမိုးကြိုကာလအတွင်းမိုးတိမ်တောင်များကြောင့်ဖြစ်သောလေပြင်းများတိုက်ခတ်ခြင်းကြောင့်ထိခိုက်သေဆုံးမှုမရှိစေရေးအတွက်နေအိမ်များနှင့်အဆောက်အဦးများအားအင်ဂျင်နီယာနည်းစနစ်ဖြင့်ခိုင်ခံစွာတည်ဆောက်ထားရန်လိုအပ်သကဲ့သို့သစ်ပင်များလဲပြိုကြခြင်းမရှိစေရေးအတွက်မိမိတို့နေထိုင်ရာအနီးအနားရှိအန္တရာယ်ဖြစ်စေနိုင်သောသစ်ကိုင်းနှင့်သစ်ပင်များအားခုတ်ထွင်ရှင်းလင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊

အလားတူမြင့်မားသောအဆောက် အအုံ များနှင့်နေအိမ်များတွင်မိုးကြိုးလွှဲကရိယာများတပ်ဆင်ခြင်းလုပ်ငန်းများအားဆောင်ရွက်ခြင်း၊လေပြင်းနှင့် လျှပ် စီးလက်ခြင်းဖြစ်ပေါ်ကျရောက်နေစဉ်နေအိမ်ပြင်ပသို့ရောက်ရှိနေပါကမိုးကြိုးပစ်ရန်အန္တရာယ်ရှိသည့်အတွက်နီးစပ်ရာအိမ်သို့မဟုတ်အဆောက်အဦးအတွင်းဝင်ရောက်၍သံဖြင့်ပြုလုပ်ထားသောအရာဝတ္ထုများဖြင့်ဝေးဝေးနေခြင်း၊နေအိမ်တွင်းရှိနေစဉ်အရေးပေါ်အခြေအနေများမှလွဲ၍ ကြိုးဖြင့်ချိတ်ဆက်အသုံးပြုရသောတယ်လီဖုန်းများအား အသုံးပြုခြင်းမှရှောင်ရှားခြင်းနှင့်

အိမ်တွင်းအသုံးအဆောင်ပစ္စည်းများမှမီးပလပ်များအားဖြုတ်ခြင်း၊ပိတ် ခြင်းတို့အားဆောင်ရွက်သင့်ကြောင်း၊ အကယ်၍လျှပ်စီးလက်နေစဉ်နှင့်မိုးခြိမ်းသံများကြားရစဉ်နေအိမ်ပြင်ပ သို့ရောက်ရှိနေမည်ဆိုပါကအဆောက်အဦးတစ်ခုသို့မဟုတ်ကားတစ်စီးအတွင်းသို့ဝင်ရောက်နေရာယူရန်လိုအပ်ကြောင်းပြောပါတယ်။

အချုပ်အားဖြင့်ဆိုရသော် ပူပြင်းသော နွေလယ်ကာလများ၌အပူချိန်လျှော့ပါးစေရေန် ၊သောက်သုံးရေ ရှားပါးမှု နှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မိုးတိမ်တောင်များမှပေးသောမိုးကိုပြည်သူများကအလိုရှိကြသော်လည်းအများပြည်သူအသက်အိုးအိမ်စည်းစိမ်များအားပျက်စီးစေနိုင်သည့်လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊လေပြင်းကျရောက်ခြင်း၊နေရာကွက်၍မိုးကြီးခြင်းကြောင့်ဖြစ်ပေါ်လာသည့်လျှပ်တပြတ်ရေကြီးခြင်းစသော

သဘာဝ ဘေးအန္တရာယ်များကိုမူမည်သူကမှ ဖြစ်ပေါ်စေလိုခြင်း မရှိသည်မှာ သေချာလျှက်ရှိနေပါတယ်။ သို့သော် မိုး တိမ်တောင်များ၏ သဘာဝအရ မိုးကိုသာ မက အခြားသော သဘာဝဘေးအန္တရာယ်များအား အချိန်အခါမရွေးပေးနိုင်သည့်အတွက် အထူးသတိပြုရန်လိုအပ်လျှက်ရှိနေပါတယ်။ယင်းအပြင်သဘာဝဘေး သည်ကြိုတင်မျှော် မှန်းမထားနိုင်သောအရာဖြစ်သည်နှင့်အမျှရှောင်လွှဲ၍မရနိုင်သောဘေးအန္တရာယ်လည်းဖြစ်ပါတယ်။

ယင်းသို့သ ဘာဝဘေးကျရောက်ပါကပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှနည်းပါးစေရေးအတွက်ကြိုတင်ကာကွယ်သောနည်းလမ်းဖြင့်သာပျက်စီးဆုံးရှုံးမှုများအားလျှော့ချနိုင်မည်သာဖြစ်သည့်အတွက်နွေဦးနှင့်မိုးကြိုကာလတွင်ဖြစ်ပွားတတ်သောမိုးတိမ်တောင်များမှပေးသည့်သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ပျက်စီးမှုများလျှော့ပါးနိုင်သမျှလျှော့ပါးစေရေးအတွက်အကြံပြု‌ရေးသား တင်ပြလိုက်ရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *