မတ်လအတွင်းမှာ အားအနည်းငယ်ရှိလာနီညာကြောင့် အချိန်အခါမဟုတ်မိုးရွာမည်

မတ်လအတွင်းမှာ အားအနည်းငယ်ရှိတဲ့လာနီညာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကသိရပါတယ်။
“လာနီညာရဲ့ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုကအနည်းငယ်အပြောင်းအလဲတော့ရှိမယ်။ ဥပမာ- မတ်လမှာမိုးရွာသွန်းမှု နည်းနည်းများမယ်။”လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။




လာနီညာကပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်အောက်တိုဘာလကစတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ယခုမတ်လမှာအားအနည်းငယ်ရှိတဲ့လာနီညာဖြစ်ပေါ်ပြီး ဧပြီ၊မေလတွေမှာလာနီညာကနေပုံမှန်နှစ်ကို ပြန်ပြောင်းသွားမယ့် အနေအထားမှာရှိတယ်လို့၎င်းကပြောပါတယ်။




၂၀၂၂ ခုနှစ်၊ မတ်လ(၃)ရက်နေ့ နေ့လည်၂နာရီအချိန်ထုတ်ပြန်ချက်အရမုန်တိုင်းငယ်(Depression)အခြေအနေကတော့−
ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောအီကွေတာအနီးအိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်(Depression)သည်အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး၊




မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်တောင်ဘက်ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun)မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ သီရိလင်္ကာ နိုင်ငံ၊ထရီကိုမာလီ(Trincomale)မြို့၏ တောင်-အရှေ့တောင်ဘက်ရေမိုင် (၂၃၀)မိုင်ခန့်၊

အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ်(Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၈၅)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၄၄၅)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၄၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။




မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါသည်။မုန်တိုင်းငယ်(Depression) ၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့်လေတိုက်နှုန်းကတော့ အဆိုပါ မုန်တိုင်းငယ်(Depression)သည်
မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု(၅.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၃.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်းခန့် ဖြစ်ပါသည်။




နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်−
အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ရောက်ရှိနိုင်ပြီး၊သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းမှတစ်ဆင့်နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူး(Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။




မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊




ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။မြန်မာ့ပင်လယ်ပြင်။လှိုင်းအနည်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။




ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ယခုလို ပုံမှန်မဟုတ်တဲ့ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် စိုက်ပျိုးရေး လုပ်ကိုင်နေသူတွေအနေနဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ လပတ်ခန့်မှန်းချက်တွေကို ကြည့်ရှုလေ့လာပြီးလုပ်ငန်းတွေကို ဆောင်ရွက်ကြဖို့ အကြံပြုထားပါတယ်။