လွယ်လွယ်ကူကူ ပေါက်စီ လုပ်စားကြမယ်

ပါဝင်ပစ္စည်းများ
၁-ကြက်သား နုတ်နုတ်စဉ်း – 200 grams (၁၂ကျပ်ခွဲသား)
၂-ကြက်သွန်နီ/ကြက်သွန်မြိတ် နုတ်နုတ်စဉ်း – 100 grams
၃-ပဲငံပြာရည် အကြည် – အချိုဇွန်းနဲ့ ၁ဇွန်း
၄- သကြား – အချိုဇွန်းနဲ့ ဇွန်းဝက်
၅- ကြက်သားမှုန့် – အချိုဇွန်းနဲ့ ဇွန်းဝက်
၆-ပြောင်းဖူးမှုန့် (ကော်မှုန့်) – အချိုဇွန်းနဲ့ ၁ဇွန်း
၇-ရေကျက်အေး – စားပွဲတင် ၁ဇွန်း

၈- နှမ်းဆီ – ၂စက်ခန့်
၉- ဆား/ တရုတ် ငရုပ်ကောင်း – အနည်းငယ်
အထက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေ၍ အဖုံးအုပ်ပြီးနာရီဝက်ခန့် နှပ်ထားပါ။ ပေါက်စီတစ်လုံးချင်းစီ၌ ထည့်ရန်၊ ကြက်ဥ / ဘဲဥပြုတ် – ၂ လုံးကို လေးစိတ်စီ စိတ်ထားပါ ၊ ကြက်အူချောင်း ကို – ၈ တုံး စွေစောင်း လှီးထားပါ ။
ပေါက်စီလုပ်ဖို့ မုန့်သား (ဒိုး – Dough) နှပ်နည်းက တစ်ဦးနဲ့ တစ်ဦး နဲနဲတော့ကွဲပါတယ်
မုန့်သားလုပ်နည်း
၁။ All-purpose Flour – မုန့်လုပ်ရာမှာ သုံးတဲ့ ချင်ခွက်နဲ့ ၂ခွက် (250 grams)
၂။ မုန့်ဖုတ်တဲ့ ဆော်ဒါ – အချိုဇွန်းနဲ့ ဇွန်းတဝက်
၃။ တဆေး (Yeast) – အချိုဇွန်းနဲ့ ၁ဇွန်းခွဲ
၄။ သကြား အဖြူ – စားပွဲတင် ၂ဇွန်း
၅။ ဟင်းချက်ထောပတ်ဆီ (ဂီး – Ghee) သို့ ဟင်းရွက်ဆီ – စားပွဲတင် ၁ဇွန်း
၆။ ရေကျက်အေး – ချင်ခွက်နဲ့ ၁ခွက်

မုန့်နယ်မည့် ဇလုံထဲကို ရေကျက်အေး (ခပ်နွေးနွေး) အနည်းငယ်ထည့်ပြီး သကြားကို ပျော်အောင် ဖျော်၍ ဆီဖြင့်ရောပါ ၊လက်ကျန် ရေကျက်အေးကို အခြားခွက်တလုံးတွင် တဆေးရောပြီး သမအောင် မွှေ၍ ၁၀မိနစ်ခန့်စောင့်ပါ ။ ၎င်းနောက္သကြားနှင့် ဆီရောထားသော ဇလုံအတွင်းသို့ All-purpose Flour နှင့် မုန့်ဖုတ်ဆော်ဒါထည့် ၊ တဆေးပျော်ရည်ထည့်၍ သမအောင် နာနာနယ်ပေးပါ ။
မုန့်သားနယ်ရာတွေ သမမျှတစေရင် မုန့်သားကို နာနာနယ်ပေးပါ မုန့်သား အစေး အပျစ်ပေါ်မူတည်၍ All-purpose Flour အနည်းငယ် သို့မဟုတ် ရေအနည်းငယ်ကို ချိန်ဆ၍ ထပ်ဖြည့်နိုင်ပါသည် ။ ၎င်းနောက် လက်သုတ်ပုဝါ သန့်သန့် သို့မဟုတ် အဝတ်သန့်သန့်ကို ရေနွေးဖြော ၊ ရေပြန်ညှစ်ပြီး မုန့်သားအပေါ်တွင် ခပ်ဖွဖွ အုပ်၍ စားပွဲပေါ် သို့မဟုတ် အဆင်ပြေသောနေရာတွင် ၁နာရီခွဲခန့် နှပ်ထားလိုက်ပါ ၊ မုန့်သားများ ၂ဆခန့် ပွတက်လာပါလိမ့်မည် ။

တရုတ်လိုမန်ထိုလို့ခေါ်တဲ့မုန့်သားချည်းသက်သက်စားချင်တယ်ဆိုရင်တော့ နပ်သွားတဲ့ မုန့်သားကို ခပ်ရှည်ရှည် အမြောင်းလိုက်ကလေးဖြစ်အောင် လှိမ့်လိုက်ပြီး အရွယ်တော်တုံး ရေနွေးနဲ့ပေါင်းပြီးစားလို့ရပါတယ်
အစာသွတ်ပေါက်စီ စားမယ်ဆိုရင်တော့ နပ်သွားသော မုန့်သားအား ၈ပိုင်း အညီအမျှခွဲပြီး ဒလိမ့်တုံးဖြင့် (မရှိရင် ပုလင်းနဲ့သမ) သာသာယာယာ အဝိုင်းပုံရအောင် (၄လက်မခန့်) လှိမ့်၍ အထက်မှာ ဖော်ပြပြခဲ့တဲ့အတိုင်း အဆာပလာများထည့်ပြီး ပေါက်စီနဲ့တူအောင်လုံးပါ ။ ၃လက်မပါတ်လည် စက္ကူဖြူ အရွက်ကလေးများ ခံ၍ ဇကာပေါ်တွင် အနည်းငယ် ချဲ၍ နေရာချပါ ။ အပင် ရေဖြန်းရာတွင်သုံးသော ရေဖြန်းဘူးလေးဖြင့် ပေါက်စီ အလုံးများကို မျက်နှာပြင် ချောမွေ့ရန် ရေကျက်အေး ခပ်ဖွဖွ ဖြန်းပေးပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်၍ ၁၀မိနစ်ခန့်ပေါင်းလျှင် ရသာထူး ကဲ ကောင်းမွန်တဲ့ ပေါက်စီ လေးရပါပြီ ။

မှတ်ချက်။ ပေါက်စီ ဇကာဗန်းတင်၍ မပေါင်းမီ ရေနွေးပွက်ပွက်ဆူအတွင်းသို့ သန့်စင်ထားသော မီးသွေးခဲ ၁ခဲ နှင့် ရှာလကာရည် ၂ဇွန်းထည့်ရန်ဖြစ်ပါသည် ။ သို့မှသာ ဖြူဖြူဖွေးဖွေး ပေါက်စီလေးရပါမည်
#ပေါက်စီလုပ်နည်း