ဆုံးပါးသွားတဲ့ဖခင်ကြီးတစ်လပြည့်အတွက် ဘာမှမလုပ်ပေးနိုင်လို့ ကြေကွဲစွာရေးသားထားတဲ့ထားထက်ထက်၏စာလွှာ
တလတောင်ရှိပြီတဲ့…..




ငယ်ငယ်ကထဲက စိတ်အရမ်းကြီးလွန်းလို့ တခုခုဖြစ်လို့ ငိုပြီဆိုတာနဲ့ တကိုယ်လုံးပြာပြီး အသက်ရှူရပ်တဲ့အထိ ဖြစ်တတ်တဲ့ သမီးကို လေပြန်မှုတ်သွင်းအသက်ပြန်ကယ် ကယ်ပေးခဲ့ရတဲ့ဖေဖေ…




အငယ်ဆုံးသမီး ဂျစ်ကန်ကန် ပေကပ်ကပ်နဲ့ မို့ ခဏခဏရိုက်ပြီးဆုံးမခဲ့ရတဲ့ ဖေဖေ…ငယ်ငယ်လေးနဲ့ အားကစားမှာထူးချွန်လို့သမီးရှေ့မှာမဖော်ပြပေမယ့်တခြားလူတွေရှေ့မှာဝမ်းသာဂုဏ်ယူပြီးပြောမဆုံးဖြစ်နေတတ်တဲ့ဖေဖေ




အနုပညာလုပ်တဲ့အခါ ၊ကိုယ်ပိုင်လုပ်ငန်းနဲ့သင်တန်းကျောင်းလေးတခုထောင်တဲ့အခါ ၊သူ့ခြေထောက်ပေါ်သူရပ်ပြီးသူ့ဘာသာ ဖြစ်အောင် ကြိုးစားတဲ့သူဆိုပြီး အများရှေ့တော့ ဂုဏ်ယူကြွားခဲ့တဲ့ ဖေဖေ…




အတိုက်အခိုက်များလို့ ပင်ပန်းရတဲ့ အခါ “ ဘာမှဂရုမစိုက်နဲ့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ် သမီး “ လို့ အားပေးတတ်တဲ့ ဖေဖေ…

အငယ်ဆုံး အဆိုးဆုံး ခေါင်းအမာဆုံးဆိုပြီး ခဏ ခဏ စတတ်တဲ့ ဖေဖေ…ပြောဆိုရခက်ပြီးအရာရာ မှန်တယ်ထင်ရာကိုခေါင်းမာမာလုပ်တတ်တဲ့သမီးအတွက်စိတ်ပူတတ်တဲ့ ဖေဖေ…




သမီးရှေ့မှာတော့ စကားလုံးကြမ်းကြမ်းတွေပဲ သုံးပြီး နောက်ကွယ်မှာတော့ အရမ်းစိုးရိမ်တတ်တဲ့ ဖေဖေ…
ဖေဖေ့ကို ဒီထက်ကောင်းတဲ့အိမ်ကြီး ဒီထက်ကောင်းတဲ့ ကားကြီးတွေဝယ်ပေးချင်ပြီး ဖေ အရမ်းဂုဏ်ယူရတဲ့သမီး ၊ဖေ ချီးကျူးတာအသိအမှတ်ပြုတာတွေ ခံချင်လို့ အရာရာ အမြဲ ရိုးရိုးသားသား ကြိုးစားပြီး ဖေနဲ့မေတို့ကို စောင့်ရှောက်နိုင်တဲ့ သမီးပဲ ဖြစ်ချင်ခဲ့တာ…




ဖေ့အတွက် သမီး ပေးချင်တာတွေ အများကြီး ရှိသေးတာကို ဖေဖေက အရာရာစိတ်ချပြီး အစောကြီး သမီးတို့ကို ထားခဲ့ပြီး ထွက်သွားတယ် ?ငယ်ငယ်ထဲက မေတ္တာငတ်ခဲ့ရပြီး




ချစ်ခြင်းမေတ္တာရင်ထဲ ပြည့်လျှံနေအောင်ရှိပေမယ့် ကိုယ်တိုင် မခံစားခဲ့ရဖူးတော့ အပြင်ကိုထုတ်မပြတတ်ခဲ့တဲ့ ဘဝလမ်းခရီး ကြမ်းခဲ့ရတဲ့ ဖေဖေ…

ကိုယ်တိုင်က ဆရာဝန်မို့လို့ဆိုပြီး တခုခုဖြစ်ရင် ဆေးရုံ ဆေးခန်းသွားဖို့ အလွန်ပြောမရတဲ့ ဖေဖေ…ဖေ့ရဲ့ ကြီးမားလွန်းတဲ့ ကျေးဇူးတွေ ၊မေတ္တာတရားနဲ့ချစ်ခြင်းမေတ္တာကိုအတွင်းထဲထိဝင်ကြည့်နိုင်မှ မြင်ရတယ်…




မှတ်မှတ်ရရ ဒီအရွယ်ကြီး ရောက်နေတဲ့ သမီးက ဖေ့ကို “ ဝါး “ ဆိုခြောက်ပြီး စတဲ့အခါ “ အောင်မလေး “ ဆိုပြီး ကြောက်တဲ့ပုံနဲ့ သမီးပျော်အောင်ပြန် စနောက်ခဲ့တဲ့ဖေ့ပုံလေးကို သတိရမိနေတယ်…




ဖေ့သတင်းကြားရတဲ့ ပြီးခဲ့တဲ့လ ဒီရက်နဲ့ အဖြစ်အပျက်ကို သမီး တသက်လုံး မေ့နိုင်မှာ မဟုတ်ဘူး ဖေ…ဖေ့ကို ခေါ်သွားကြတဲ့ အချိန်ကိုလဲ သမီးမမြင်နိုင်ခဲ့ဘူး…
တရားမရှိဘူး တရားနဲ့မဖြေနိုင်ဘူးလို့ ပြောရင်လဲအပြည့်အဝကြီးကို ခံပါမယ် ဖေဖေ..ဖေ့ရဲ့ရက်လည်မှာလဲ သမီး တရားမနာခဲ့ရဘူး။သမီးကိုယ်တိုင်ဘာမှမလုပ်ပေးနိုင်ဘူး။ ?




ဒီရက်ပိုင်းမှာ တခြားလူအများအတွက် အခြားအရေးကြီးတဲ့ အရာတွေအတွက် သမီး အားတင်းပြီး လုပ်နေပေမယ့် သမီးရဲ့ တဖက်အခြမ်းမှာတော့ အရာအားလုံးက အမှောင်ထုကြီးပါပဲ ဖေရယ်…




တခြား အရေးကြီးတဲ့ အရာတွေအတွက်စာတစ်ကြောင်းချင်းစီကအစသေချာရေးသေချာဖတ်ပြီးနေရာစုံလိုက်ကြည့်နေနိုင်ပေမယ့် ဖေ့နဲ့ပတ်သက်တဲ့ လွန်ခဲ့တဲ့ လဒီလိုရက်ကရေးခဲ့တဲ့စာလေးကိုတောင်




ပြန်ဝင်ဖတ်နိုင်တဲ့ အင်အားနဲ့ သတ္တိ သမီး ဆီမှာ ရှိမနေဘူး ဖေဖေ…ရင်ထဲ နင့်နေတာပဲ…အခုထိလဲ နှစ်သိမ့်တဲ့စာတွေ comment တွေ နဲ့ တချို့စာတွေကို ဝင်ဖတ်ပြီး စာမပြန်နိုင်ဘူး ဖေ…
အဲ့ဒီ့အရာအတွက် သမီးမှာတကယ်အားအင်မရှိနေဘူး။ ကိုယ့်ကိုကိုယ်လှည့်စားပြီး မသိချင်ယောင်ဆောင် ဘာမှမဖြစ်သလို နေ နေမိတယ် ဖေ…




ဖေ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ စကားမပြောချင် မတွေ့ချင် ရှောင်နေမိတယ် ဖေ…ပြောမိ တွေ့မိ တွေးမိတာ နဲ့ ပြိုကြရမှာမို့ပါ…အခု တလပြည့်တော့လဲ သမီး ဘာမှမလုပ်နိုင်ဘူး။




မြင်လဲ မမြင်နိုင် မသိသလိုပဲ နေချင်နေတယ် ဖေဖေ… သမီးကို ခွင့်လွှတ်ပါ…အသိမိတ်ဆွေတွေ ၊ အဝေးရောက်နေရသူတွေရဲ့ အဖေတွေနာရေးသတင်းကြားရ မြင်ရတဲ့အခါ ရတဲ့ ဒဏ်ရာက ထပ်တူပဲ ခံစားရတယ် ဖေရယ် ?




ဖေဖေ လုပ်ချင်ခဲ့တဲ့အရာတခု ၊ သမီးနဲ့ ခဏ ခဏ ပြောဖြစ်ခဲ့ပြီး သမီးအလုပ်များလို့ မလုပ်နိုင်သေးလို့ နောက်မှပေါ့ ဖေရယ် လို့ ပြောခဲ့တဲ့ ၊ ကလေးတွေအတွက် Foundation လေးတခုကို သမီး တနေ့နေ့ ဖြစ်အောင် လုပ်ပါမယ်လို့ ကတိပေးပါတယ် ဖေဖေ…..




အခုဆို ဖေက သမီးဆီကို အိမ်မက်ထဲတောင် မလာတော့ဘူး… ?ဖေက သမီးရင်ထဲမှာ အမြဲရှင်သန်ပြီး ကျန်းမာစွာနဲ့ ပြုံးပြုံးလေး သမီးကို စ နေတဲ့ပုံလေးအဖြစ် ထာဝရ ရှိနေမှာပါ…




လွန်ခဲ့တဲ့ လေးလလောက်ကတည်းက Fri request ပို့ထားတာလေး ၊ Facebook ကို အကျွမ်းတဝင်သုံးလေ့မရှိတဲ့ ဖေဖေက ဘယ်လိုလက်ခံရမလဲ မသိလို့ နောက်ဆုံးအချိန်ထိ ဒီအတိုင်လေးနဲ့ နောင်ဘယ်တော့မှ Accept မလုပ်တော့မယ့် အကောင့်လေး ???




အရာရာတိုင်းမှာ အခက်အခဲဆိုတာရှိတယ် သမီး… အခက်အခဲ မရှိရင် ဘဝ ဘယ်ဟုတ်တော့မလဲ တဲ့…
26 August 2021