ချစ်ဇနီး မဝေဝေမြင့်အတွက် ခင်ပွန်းဖြစ်သူမှ နာကျင်ကျေကွဲစာရာရေးခဲ့တဲ့စာလေးတစ်စောင်
“ညီမလေးက တကယ်တမ်းကျတော့လေ မီးမသဂြိုလ်ချင်ဘူးလို့ သူ့ဆန္ဒလေးကို အဲလို ပြောခဲ့ဖူးတယ်” လို့ စကားဆိုရင်းအသံကသိသိသာသာတိမ်ဝင်သွားပြီး၊ ရှိုက်သံတွေသာ ထွက်ပေါ်လာခဲ့ပါတယ်။




ငိုရှိုက်သံရောရောထွေးထွေးနဲ့ ဖြေနေသူကတော့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း ဖြစ်စဉ်မှာ ကျဆုံးသွားသူတွေအနက် အမျိုးသမီး ငယ်ရဲ့ခင်ပွန်းဖြစ်ပါတယ်။

သူ့အမျိုးသမီးက သြဂုတ်လ ၁၀ရက်၊ နေ့လည် ၃နာရီခွဲခန့် အချိန်မှာ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက လေးလွှာတိုက်ခန်းတစ်ခုထဲကို စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်စစ်ဆေးခဲ့စဉ်၊လေးလွှာပေါ်ကနေခုန်ချခဲ့တဲ့ထဲပါဝင်ခဲ့ပါတယ်။




ဝတ်နေကျ အင်္ကျီဖြစ်တဲ့ ကော်လံအဖြူ၊ အပြာရောင်နဲ့အဝါရောင်ကို စပ်ချုပ်ထားတဲ့ ဂါဝန်လေးကို ဝတ်ပြီး အိမ်ကထွက်သွားတဲ့အမျိုးသမီးရဲ့ပုံရိပ်ဟာ ချစ်ဇနီးကိုအသက်ရှင်လျှက် နောက်ဆုံးတွေ့လိုက်ရတဲ့ မြင်ကွင်းဖြစ်လိမ့်မယ်လို့ သူမထင်မိခဲ့ပေ။




အရင်လိုပဲအချိန်တန်လျှင် ဇနီးဖြစ်သူ အိမ်ပြန်ရောက်လာပြီး သမီးဖြစ်သူနှင့် ဆော့ကစား နေလိမ့်မည်ဟုသာ ထင်ခဲ့သည်။မျက်လုံးထဲစွဲအောင် မှတ်မိနေတဲ့ အမျိုးသမီးဖြစ်သူရဲ့ အဖြစ်ဆိုးကိုလူမှုကွန်ယက်ပေါ် တက်လာတဲ့ ပုံတွေကတဆင့်




မြင်လိုက်ရချိန်မှာတော့ သူ တုန်လှုပ်သွားပါတော့တယ်။အမျိုးသမီးဖြစ်သူက အိမ်ကနေထွက်သွားပြီး ၃ နာရီလောက်အကြာမှာ အဖြစ်ဆိုးနဲ့ကြုံတွေ့ ခဲ့တာဖြစ်တယ် လို့သူကဆိုပါတယ်။

ပုံမှန်အိမ်ပြန်လာနေကျ ည ၈နာရီအချိန်မှာ အမျိုးသမီးဖြစ်သူက အိမ်ပြန်မရောက် လာခဲ့သလို၊ သူငယ်ချင်းအိမ်တွေမှာညအိပ်ဖြစ်ရင်လည်းဖုန်းဆက်ပြောတတ်သူကဖုန်းကိုအိမ်မှာ ချန်ခဲ့ပြီး အဆက်အသွယ်မလုပ်လာခဲ့ဘူးလို့ သူကပြောပါတယ်။




“ညကတည်းက သူပြန်မလာဘူး။ သူဘယ်သွားမှန်းလဲ အတိအကျမသိဘူး။ ၄၄ လမ်းမှာ အဲလိုဖြစ်တယ်ကြားတော့ ပုံတွေကြည့်လိုက်တော့ ကျွန်တော့်အမျိုးသမီးဝတ်သွားတဲ့ အကျီကိုမှတ်မိတာ။သူ့ခြေတံလက်တံလေးတွေလည်းကျွန်တော်က မှတ်မိတာကို။




ပြုတ်ကျနေတဲ့ လူတွေကို ကြည့်လိုက်တော့ ကျွန်တော့် အမျိုးသမီးဖြစ်နေတယ်။သူကကံတော်တော်ဆိုးတယ်။ အိမ်ကနေ ထွက်သွားတာ သုံးနာရီလောက်ပဲကြာ သေးတယ်”လို့ သူက ယူကျုံးမရပြောပါတယ်။

သူ့အနေနဲ့ကတော့ ဒီအတောအတွင်းမှာ အမျိုးသမီးဖြစ်သူ သွားလာလုပ်ကိုင်နေတာတွေကို မသိရှိသလို၊အခုဖြစ်စဉ်မှာခုန်ချတယ်မခုန်ချဘူးဆိုတာကိုလည်းမျက်မြင်တွေ့လိုက်ရတာမဟုတ်တာကြောင့်အတည်မပြုနိုင်ဘူးလို့ဆိုပါတယ်။




ကျဆုံးချိန်မှာ အမျိုးသမီးဖြစ်သူက အသက်က ၂၉ အရွယ် ဖြစ်ပြီး၊ ကျန်ရစ်သူ သမီးလေးက ၅နှစ် ၈ လ၊ သူကတော့ ၃၅နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်ပါတယ်။”သူ့အလောင်းကို ရဖို့ကြိုးစားခဲ့တယ်။




တခြားဒဏ်ရာအနာတရမရှိဘဲ အောက်ကိုကျကျချင်းဆုံးသွားတယ်တဲ့ပြောကြတယ်”လို့သူကပြောပါတယ်။သြဂုတ်လ ၁၁ရက်၊ ညနေ ၄နာရီခွဲခန့်အချိန်မှာ အမျိုးသမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုစစ်ဆေးရုံကတဆင့်ပြန်လည်ရရှိခဲ့ပါတယ်။




ထင်မှတ်မထားဘဲရုတ်တရက်ခွဲခွာလိုက်ရတဲ့အမျိုးသမီးဖြစ်သူရဲ့ရုပ်အလောင်းကိုပြန်ရချိန်မှာတော့ကျန်ရစ်သူ ခင်ပွန်းနဲ့လူမမယ်သမီးကလေးတို့မှာစိတ်ကျေနပ်ရလောက်အောင် နှုတ်ဆက်ခွင့် မရခဲ့သလိုအမျိုးသမီးရဲ့ဆန္ဒကိုလည်း မဖြည့်ဆည်းပေးနိုင်အောင် ဖြစ်ခဲ့ရပါတယ်။




“ညီမလေးရဲ့ရုပ်အလောင်းတော့ထုတ်လို့ရတယ်။ဒါပေမယ့် ဘယ်လိုမှဓာတ်ပုံရိုက်ခွင့်လည်းမရှိဘူး။ မီးသဂြိုလ်လို့ပဲရမယ်လို့ပြောတယ်။တခြားကျဆုံးသူမိသားစုဝင်တွေမှာတော့ ရ၊မရ ကျွန်တော်မသိပါဘူး”လို့ ပြောရင်း စကားလုံးတွေက ရှိုက်သံနဲ့အတူ ရောထွေးသွားပါတယ်။




“ဒီဖြစ်စဉ်အပေါ်ကျွန်တော်လည်း မပြောတတ်ဘူးဗျ။ ကျွန်တော်နဲ့ကျွန်တော့်အမျိုးသမီးက အရမ်းချစ်ပြီးယူကြတာ။အခက်အခဲအများကြီးကျော်ဖြတ်ခဲ့ရတာပေါ့ဗျာ။ ဆိုတော့ စိတ်အရမ်းမကောင်းဘူး။

ဒါပါပဲ”လို့ဆိုရင်း ခင်ပွန်းဖြစ်သူမှာ စကားပင်ဆက်မဆိုနိုင်အောင်ထိ ဝမ်းနည်းငိုကြွေးနေခဲ့ပါတယ်။အကြွေစောခဲ့ရတဲ့ ဇနီးသည်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ခဲ့တဲ့ သူက –




“ဓာတ်ပုံရိုက်ခွင့်မရှိ။ အရိုးပြာကောက်ခွင့်မရှိလို့ရသလောက်လေးတွေ မှတ်တမ်းတင်ခဲ့ပါတယ်။ ဘယ်ပန်းကို သဲလေးကြိုက်လဲမေးတုန်းက ကိုကိုး ကနှင်းဆီလို့ ဖြေခဲ့တာလေ။ ဘာလို့ဆို သဲက နှင်းဆီတွေ ခဏခဏ ဝယ်တာကိုး။




သဲကြိုက်တာ စံပါယ်လို့ပြောလို့ ကိုကိုးတော်တော်အံ့ဩသွားသေးတယ်။အခုတော့ ကိုကိုးကကိုကိုးမသိတဲ့ပန်းတပွင့်ကိုသဲဝိညာဉ်အမှတ်တရ နဲ့ ယူလာခဲ့ရတယ်။အဲပန်းလေးကသေးသေးလေးနဲ့ ချစ်စရာလေးနော်သဲ။




တဝင်းလုံး ပန်းပွင့်ကြီးကြီးလဲ မတွေ့ပါဘူးသဲရယ်။သဲကလဲ ပန်းပွင့်ကြီးကြီးမှ မကြိုက်တာလေနော။ သဲလေး ကိုအမြဲအမှတ်ရနေမယ်နော်။

ကျွန်တော့်သဲလေးကို နောက်ဆုံး အနမ်းလေး ပေးခွင့်ရအောင် ကူညီပေးတဲ့သူအားလုံးကို ကျေးဇူးပါနော် “လို့ သူရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ပုံစာ- မဝေဝေမြင့်(ခ)မပန်းသီးရဲ့ အမျိုးသား
credit