(7.8.2021) ရက်နေ့ ဒီနေ့မှာပေးပို့လာတဲ့ “မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား မေတ္တာစာ “

(7.8.2021) ရက်နေ့ ဒီနေ့မှာပေးပို့လာတဲ့ “မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား မေတ္တာစာ “

သာသနာတော်နှစ် ၂၅၆၅ ခု ဝါဆိုလကွယ်နေ့ (7.8.2021) တပည့်ဒကာဒကာမအပေါင်းတို့အား မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား ပေးပို့လာသော မေတ္တာစာ ဖြစ်ပါသည်။

နှာ၁

ဆရာတော်လည်း ကျန်းမာစွာအေးချမ်းစွာနဲ့ ဘာဝနာတရားများကို ကောင်းစွာပွားများအားထုတ်လျက်ပါ။ကိုယ်စိတ်နှစ်ပါးပေ့ါပါးပြီးဘာရောဂါဝေဒနာမှမခံစားရပါဘူး။ဆရာတော်အတွက်စိတ်မပူပါနဲ့။

သဘာဝတရားနဲ့ တည့်အောင်နေကာ ဇရာကို အံတုရင်း အနာဒုက္ခကင်းလျက်ပါ။ စိတ်ထဲမှာ အစွဲအလန်းကင်းစွားနဲ့ မဟာသတိပဋ္ဌာန်တရားကို ပွားများလျက်ပါ။ ဝိပဿနာဉာဏ်ဖြင့်ခန္ဓာရဲ့ ဖြစ်ပျက်မှုတွေကိုနေ့ရောညပါမပျက်မကွက်ရှုမှတ်ပါတယ်။

ရုပ်နာမ်ဓမ္မသင်္ခါရတရားအပေါ် ညီးငွေ့မှုနဲ့အတူ သံဝေဂတွေပွားပါတယ်။ခဏိကမရဏခဏိကနိဗ္ဗာန်ကို အာရုံပြုပါတယ်။ မိမိရဲ့အားကိုးရာအစစ်လဲအဲဒီဉာဏ်တရားပါပဲ။

ခန္ဓာကိုယ်ရဲ့အနိစ္စဖြစ်ပျက်၊ဒုက္ခဖြစ်ပျက်၊အနတ္တဖြစ်ပျက်ကိုရှုမြင်ကာမမြဲခြင်း၊ဆင်းရဲခြင်း၊ အစိုးမရခြင်းအနှစ်သာရမရှိခြင်းသဘောတရားတွေပါပဲ။မွေးဖွားလာခြင်း ရှင်သန်လာခြင်းဟာသေမင်းကိုစောင့်နေခြင်းပါပဲ။

မွေးဖွားလာရင်အိုမင်းရင့်ရော်မယ်။ ဗျာဓိဒုက္ခကြုံရမယ်၊သေခြင်းနဲ့ အဆုံးသတ်ရမယ်။ဒါကြောင့်အချိန်ကိုအလဟသမဖြစ်စေနဲ့။ အင်္ကျီသစ်ကို အထဲမှာဝတ်တဲ့ လူအလို မဖြစ်စေနဲ့။ သေသွားရင် မိမိနောက် ဘာမှ ပါမသွားဘူး။

နှာ ၂

သေသွားရင် လက်ဗလာပဲပါသွားမယ်။ သေသွားရင် အကုန်ထားခဲ့ရပါမယ်။ သံသရာဒုက္ခကို ကြောက်ကြပါကုန်လော။ ဇာတိ ဇရာ ဗျာဓိ မရဏ ဒါတွေဟာ ဒုက္ခတွေချည်းပါပဲ။ သတ္တဝါအားလုံးရဲ့ တူညီမှုဆိုတာ(တန်းတူအခွင့်အရေးဆိုတာ)တူညီတဲ့ဒုက္ခကို ခံစားရခြင်းပါ။

မမေ့မလျော့ကြပါနဲ့။ သေနေ့ဟာ တနေ့ထက်တနေ့ နီးနီးလာပါပြီ။ ပါရမီမြှောက်တဲ့ ကောင်းမှုကုသိုလ်တွေကို များများလုပ် မြန်မြန်လုပ်ကြပါ။

ဒါန သီလ သမထဘာဝနာ ဝိပဿနာဘာဝနာပွားများ အားထုတ်ကာအေးငြိမ်းတဲ့နိဗ္ဗာန်ဓါတ်ကိုရအောင်ရှာကြံကြပါ။အချိန်တွေကုန်ဆုံးသွားတာနဲ့အမျှသေဖို့အချိန်ကလည်းနီးလာပါပြီ။

သေခြင်းတရားကို နှလုံးသွင်းပြီး နိဗ္ဗာန်ကို အထောက်အကူပြုတဲ့ ပါရမီမြှောက်ကုသိုလ်တွေ ဆည်းပူးကြပါကုန်။ လောကကြီးဆိုတာ သောကတွေ ပြည့်နှက်နေတဲ့ နေရာပါ။ ဘေးအပေါင်း ဝန်းရံထားတဲ့ နေရာပါ။ သုခကင်းတဲ့ နေရာပါ။ နိဗ္ဗာန်ရောက်မှပဲ ဒုက္ခအပေါင်း ကုန်ဆုံးမယ်။

ခုချိန်ခါမှာ ခေတ်ကိုက ပိုဆိုးလှပါတယ်။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင် ပျက်စီးလွယ်လှပါတယ်။ ရောဂါကြောင့်လဲ သေကြေကြရတယ်။ မေတ္တာတရား ခေါင်းပါးပြီး အချင်းချင်း ရက်စက်သတ်ဖြတ်လို့လဲ သေကြေကြရတယ်။

အစာရေစာငတ်ပြီးလည်း သေကြေကြရတယ်။ လောကကြီးကို ကြည့်ရှုရင် ခြောက်ကပ်လို့ နေပါတော့တယ်။ နေရာတကာအားကိုးစရာမဲ့ကာ ပူပင်သောကဝေနေကြရတယ်။ မိမိတို့ရဲ့ အားကိုးရာအစစ်အမှန်ကတော့ ဘုရား၊ တရား၊ သံဃာ မိဘ ဆရာသမား အနန္တောအနန္တငါးပါးပါပဲ။

နောက်အားကိုးစရာကတော့ မိမိပြုခဲ့တဲ့ ကုသိုလ်တရားတွေပါ။ ကုသိုလ်တရားကတော့ နိဗ္ဗာန်ရောက်တဲ့အထိ အားကိုးရမည့်အရာပါ။ ပညာရှိတဲ့သူသည် နိဗ္ဗာန်ချမ်းသာကို ခံစားရ၏။

နှာ ၃

ကမ္ဘာပေါ်ရှိ လောကသားတွေ ခံစားနေကြရတဲ့ ရောဂါဘယတွေ များစွာ သေကြေပျက်စီးမှုတွေ အမြန်ဆုံး ပျောက်ကင်းအောင် ချမ်းသာသုခရောက်အောင် မိုင်းဖုန်းဆရာတော်မှ အထူး မေတ္တာပို့သအပ်ပါတယ်။

အနာရောဂါ ကင်းကွာပြီး မင်္ဂလာအပေါင်း ခညောင်းကြပါစေ။လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးစလုံးမှာ အေးချမ်းပါစေ၊ ဘေးကင်းကြပါစေ။လူတိုင်းကျန်းမာချမ်းသာပြီးပျော်ရွင်အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ။

လောကီအကျိုး လောကုတ္တရာအကျိုး လောကီချမ်းသာ လောကုတ္တရာချမ်းသာ နှစ်ဖြာစလုံးပိုင်ဆိုင်ကြပါစေ။လူချမ်းသာနတ်ချမ်းသာအပြင်နိဗ္ဗာန်ချမ်းသာကိုလည်း ရရှိနိုင်ကြပါစေကုန်။သူတော်ကောင်း အပေါင်းတို့။

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် တာဝန်ယူတာဝန်ခံဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ရောဂါအပေါင်းဝေးခွာရှောင်း ခေတ်ကောင်းအမြန်ကြုံပါစေ)

Source-SaoSuKham fb

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *