မိုးရာသီနှင့် အဆုတ်ပွရောဂါအကြောင်းသိကောင်းစရာ
အဆုတ်ပွရောဂါသည်မိုးဥတုတွင် အဖြစ်များသောရောဂါဖြစ်သည်။အဆုတ်လေပြွန်များအတွင်း ရေငွေ့များဝင်ရာမှပြန်မထွက်နိုင်သောအခါအအေးပတ်ပြီးအဆုတ်အအေးပတ်ရောဂါဖြစ်သည်။




ထို့နောက်အဆုတ်ပွရောဂါ၊အဆုတ်ရောင်ရောဂါများဆက်၍ဖြစ်လာနိုင်သည်။မိုးရေထဲသွားနေသူများသည်ရှူသွင်းသောလေတွင်ရေငွေ့များပါသဖြင့်ကြလာသောအခါအဆုတ်အတွင်းတွင်ပြန်မထွက်နိုင်သောရေငွေ့အမှုန်လေများစုမိလာသည်။

နှာချေခြင်းသည်ဖုန်နှင့် အမှုန်များဝင်မှမဟုတ်ရေငွေ့များပြန်ထွက်စေရန်အတွက်လည်းအဆုတ်အတွင်းမှအမျှင်များကခါထုတ်သဖြင့်လည်းဖြစ်နိုင်သည်။အဆက်မပြတ်နှာချေနေခြင်းသည်အဆုတ်အတွင်ရေငွေ့များရှိနေခြင်းလက္ခဏာဖြစ်သည်။




မိုးရွာထဲမှပြန်လာသောအခါပရုတ်ဆီအနည်းငယ်ကိုရေနွေးမတ်ခွက်တွင်ထည့်ဖျော်၍အုပ်ထားပြီးဖွင့်လိုက်သောအခါထွက်လာသည့်ပရုတ်ငွေ့ကိုရှူပေးခြင်းဖြင့်အဆုတ်အအေးပတ်ခြင်းကိုကာကွယ်နိုင်သည်။
သို့မဟုတ်ချင်းတက်တစ်တက်ကိုထုထောင်းပြီးရေနွေးမတ်ခွက်တစ်လုံးဖြင့်လည်းအဆုတ်အအေးပတ်ခြင်းမှကာကွယ်နိုင်သည်။ အဆုတ်ရေဝိုင်းသည့်ရောဂါ၊အဆုတ်ရေဝပ်သည့်ရောဂါကြောင့်၊အဆုတ်အတွင်းတွင်ပိုးများပေါက်ပွားပြီးအဆုတ်ရောင်ရောဂါနာတာရှည်ဖြစ်လာနိုင်သည်။




တငွေ့ငွေ့ကိုယ်ပူ၍ဖျားသောရောဂါသည် အဆုတ်ရောင်ခြင်းကြောင့်ဖြစ်နိုင်သည်။ပိုးကြောင့်ဖြစ်သောအဆုတ်ရောဂါတော်တော်များများသည်အဆုတ်တွင်ရေဝပ်ရာမှစတင်ဖြစ်လေ့ရှိသည်ကိုတွေ့ရသည်။အဆုတ်အတွင်းရေငွေ့များနေသဖြင့်နှာချေခြင်း၊ချောင်းဆိုးခြင်းအကြိမ်ရေများလာသောအခါရက်ရှည်လာသောအခါအဆုတ်နှင့်လေပြွန်အတွင်းမှသွေးကြောငယ်လေးများပေါက်ပြီးသွေးပါလာသည်။




ချောင်းဆိုးသွေးပါရောဂါဟုခေါ်သည်။အခန်းအောင်းနေသူများ၊နေရောင်ခြည်မရသည့်အခန်းတွင်အလုပ်ကိုထိုင်ပြီးကြာရှည်လုပ်ရသူများတွင်ဤရောဂါဖြစ်လေ့ရှိသည်။နေရောင်ခြည်မဝင်သောအခန်းများ၊အဲကွန်းအလုံခန်းများတွင်နေထိုင်သူများသည်မိုးဥတုတွင်အဆုတ်ပွရောဂါ ဖြစ်နိုင်သဖြင့်သတိပြုကြစေချင်သည်။




မိုးဥတုမှာ စားသုံးသင့်သော ဓာတ်စာများ
မိုးဥတုတွင် ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့်လူကြီးများ၊သက်ကြီး ရွယ်အိုများကို မိုးတိတ်ပြီးလေကောင်း၊လေသန့်ရသည့်နေရာ၌တစ်နာရီခန့်နေပူစာလှုံပေးသင့်သည်။လမ်းမလျှောက်နိုင်သူကိုတွဲ၍သော်လည်းကောင်း၊ဝှီးချဲဖြင့်သော်လည်းကောင်းနေရောင် ခြည် ပြပေးသင့်သည်။




လူကြီးများအသက်အရွယ်ကြောင့်အဆုတ်ပွလွယ်သည်။ရေငွေ့များအောင်းပြီးနေရောင်ခြည်မဝင်သည့်အခန်းတွင်အနေကြာလျှင်အဆုတ်ပွ၊အဆုတ်ရောင်၊ချောင်းဆိုး၊ရင်ကျပ်၊ တငွေ့ငွေ့ ကိုယ်ပူသော အဖျားရောဂါများဝင်လာနိုင်သည်။နေရောင်မဝင်သောအခန်းတွင်ရောဂါပိုးမွှားပေါက်ပွားလွယ်သည်ဟု ဆိုသည်။




အဆုတ်ရေငွေ့ဝင်၍ နှာချေခြင်း၊ချောင်းဆိုးခြင်း၊ အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံး အစားအစာမှာ ကြက်သွန်ဖြူဖြစ်သည်။ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်၍ ဖြစ်စေ၊ ဥအမြွှာများကိုသီတံဖြင့် တံစို့ထိုးမီးကင်၍ ဖြစ်စေနေ့စဉ်တစ်ဥ(သို့မဟုတ်)ခုနစ်မြွာခန့်စားပေးလျှင်အဆုတ်အအေးပတ်ခြင်းမှကာကွယ်နိုင်သည်။




ငွေကုန်ကြေးကျမများ၊ ပိုးသတ်ဆေးများလည်း မသောက်ရသည့် သဘာဝကိုယ်ခံအားဓာတ်စာဖြစ်သည်။အဆုတ်ပွ၍ဖျားလျှင် တငွေ့ငွေ့နှင့်ရက်ရှည်ပြီးအစားအသောက်မစားချင် ခံတွင်းပျက်သည့်ရောဂါပါဝင်လာတတ်သည်။အဆုတ်သည်နှလုံးမှပေးပို့သောသွေးညစ်များကိုပြင်ပမှရှူသွင်းသည့်လေနှင့်ထိတွေ့ပေးပြီးသွေးသစ်ဖြစ်အောင်သန့်စင်ပေးရာဌာနဖြစ်သဖြင့် ကျန်းမာရေးအတွက်အလွန်ပင်အရေးကြီးသည်။




အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင်နိုင်ပေ။ အလွန်အရေးကြီးသည့်ကိုယ်တွင်း အင်္ဂါ ဖြစ်သည်။ ကြက်သွန်နီသည်လည်း အအေးပတ်ခြင်းမှကာကွယ်ပေးသည့်အာနိသင်ရှိသည်။ ဟင်းချက်ရာ တွင် ကြက်သွန်နီပါသော်လည်း အပူပေးသဖြင့် ဥမှထွက်သော အခိုးအငွေ့အာနိသင်ပျက်သွားသည်။အစိမ်းစားခြင်းဖြင့် စူးရှသောအခိုးအငွေ့ကို ရနိုင်သည်။




ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည်(သို့မဟုတ်) သံပရာရည်ဆမ်းပြီး ထမင်းစားသည့် အခါတိုင်း စားသုံးပေးခြင်းဖြင့် ရောဂါပိုးများစွာကို ကာကွယ်နိုင်သည်။ ကြက်သွန်နီဥကိုလှီးပြီးလျှင်ရေအကြိမ်ကြိမ်မဆေးဘဲတစ်ကြိမ်ခန့်သာဆေးပြီး မွှန်သည့်အနံ့ကိုထိန်းထားသင့်သည်။




ကြက်သွန်နီသည် ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ ခြေအေးခြင်း၊ အပူငုပ်၍ဆီးပူခြင်း၊ဆီးအောင့်ခြင်းများအတွက်ပါကာကွယ်ပေးနိုင်သည်။ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွက်ပါကောင်းသောမီးဖိုချောင်မှဆေးစွမ်းကောင်းဖြစ်သည်။

မိုးရာသီတွင် အဓိကစားသင့်သည့်အရသာမှာ အခါးဟုရှေးဓာတ်စာဆရာကြီးများကဆိုသည်။ အပြင်တွင်အေးပြီး အအေးပတ်သဖြင့်ကိုယ်တွင်းငုပ်နေသော အပူဓာတ်( ဥဏှတေဇော)နှင့်တွဲလျှက် ဖြစ်ပေါ်လာသော(ဥဏှာဝါယော)လေပူအထက်သို့ကန်ခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းပူခြင်း၊အဆုတ်အပူအောင်းခြင်းတို့ကိုအခါးအရသာစားပေးခြင်းဖြင့်သက်သာစေနိုင်သည်ဟု ဆိုသည်။




ခွေးတောက်ရွက်၊ကြောင်လျှာသီး၊ကြက်ဟင်းခါးသီးတို့ကိုသင့်တင့်ရုံစားပေးခြင်းဖြင့်ကျန်းမာရေးအတွက်ကောင်းမွန်စေနိုင်ကြောင်း မိုးရာသီဓာတ်စာအဖြစ်တင်ပြလိုက်ရပေသည်။ငရုတ်ကောင်း၊ ပိတ်ချင်းနှင့်ချင်းကိုတြိကဋုက်သုံးပါးဟု အားယုဗေဒဆေးကျမ်းများကဆိုသည်။အစာကြေစေသော(အစပ်သုံးပါး)ဆေးသုံးပါးဟုဆိုသည်။




မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက် စားသုံးလျှင် ဟင်းနှင့်ဟင်းချိုတွင် ငရုတ်ကောင်းခတ်ခြင်း၊ ချင်းထည့်ချက်ခြင်းဖြင့် အစာကြေအောင်အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကို နိုင်နိုင်ထည့်ချက်လျှင်မိုးဥတုနှင့်သင့်သည်။




ခရက်ဒစ် ကြည်လွင်မြင့် (မုဒြာ)