တနိုင်တပိုင် ကောက်ရိုးမှိုအိမ်တွင်းစိုက်ပျိုးနည်း
လိုအပ်သော ကုန်ကြမ်းပစ္စည်းများ
၁။ ဝါးဖြင့် ပြုလုပ်ထားသောခြင်းအကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး၁ အိတ်(တစ်တင်းခွဲအိတ်(သို့မဟုတ်)၂တင်းဝင်အိတ်၊ ၂-၃နာရီကြာရေစိမ်)

၂။ ဗေဒါ၂-၃ ပြည် ( နုတ်နုတ်စင်းပြီးသား) ၊
၃။ နွားချေးမှုန့်၂ ပြည် ၊
၄။ မျိုးထုပ်၁ ထုပ် ၊
၅။ဖွဲနု၁ ဗူး ( နို့ဆီဗူး)
ပြုလုပ်နည်း

နေရာရွေးချယ်ရာတွင် သန့်ရှင်းပြီး ခြ ၊ ပုရွက် ဆိတ်ကင်းသောအခန်း(သို့)ခြံဝန်းအတွင်းနေရာကိုရွေးချယ်ရပါမည်။ ခြံဝန်းအတွင်းဖြစ်ပါကအနည်းဆုံးအရိပ်ကျဲရရှိမည့် (ဥပမာ-ဘူးစင်အောက်၊ သစ်ပင်အောက်) နေရာဖြစ်ပြီး ၎င်းနေရာကို ထုံးဖြူးပေးရပါမည်။

ပထမဦးဆုံး မှိုမျိုးနှင့်ဖွဲ့နုကို ရော နယ်ပါ။ ရေစိမ်ထားသော ကောက်ရိုးကို ၆ပုံ ခွဲပုံပြီး ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို၅ပုံစီခွဲထားပါ။ ခြင်းအတွင်းသို့ လေဝင်လေထွက် ကောင်းစေရန်နှင့်ခြကိုက်စားမှုမရှိစေရန်ခင်းအောက်တွင်အုတ်ခဲ(၃)လုံးကိုဖိုခနောင့်ဆိုင် ထားပြီးမှ ခြင်းကိုတင်ပါ။

ရေစိမ်ထားသော ကောက်ရိုး ၆ပုံ ၁ပုံ ခန့်ကို ခြင်းအတွင်း ၃-၄” အထူခန့် ညီညာစွာခင်းပါ။ ၎င်းကောက်ရိုးအပေါ်မှ ဗေဒါ ၅ပုံ ၁ပုံခန့်ကို ခြင်းနံရံပတ်လည် ဗျက်၄”အကျယ် ခင်းပါ။ နွားချေးမှုန့် ၅ပုံ ၁ပုံကို ဗေဒါအလွှာပေါ် အနှံ့ဖြူးပါ။
ထို့နောက် မျိုးနှင့်ဖွဲနု အရော ၅ပုံ ၁ပုံခန့်ကိုယူ၍ နွားချေးအပေါ် ခြင်းနံရံမှ အတွင်းဘက် ၁-၂” ခန့်ခွာ ၍ ညီညာစွာ ဖြူးပါ။၎င်းတို့အပေါ်မှ ကောက်ရိုး ၆ပုံ ၁ပုံကို တစ်လွှာခင်းပြီး ရေဖျန်း၍ ဖိပေးပါ။

ဤနည်း အတိုင်း ကောက်ရိုး၊ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲနုတို့ကို တစ်လှည့်စီဖြူးရေလောင်း ဖိသိပ်၍ ၄လွှာအထိ ပြုလုပ်ပြီး ၅လွှာမြောက်တွင် ကျန် ၅ပုံ ၁ပုံ ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို ခြင်းမျက်နှာပြင်အပြည့် အစဉ်လိုက်ဖြူးထည့်ပြီးကျန် ၆ပုံ ၁ပုံ ကောက်ရိုးကိုညီညာစွာခင်းအုပ်ရေလောင်းဖိသိပ်ရပါမည်။
ယခုစိုက်ပျိုးထားသော ကောက်ရိုးအထပ်သည် မကျပ်လွန်း၊ မချောင်လွန်း သော အနေတော်သိပ်သည်းမှု အနေအထားဖြစ်ရန် လိုအပ်ပါသည်။ ဤသို့ဖြင့် ၄-၅ ခြင်းပြုလုပ်ပြီး နွေရာသီတွင်တစ်ခြင်းနှင့်တစ်ခြင်း ၈”မှ၁၂”ခန့်နှင့် မိုးနှင့်ဆောင်းရာသီတွင် ၆”မှ၁၀”ခန့်ခွာ၍ စီထားပါ။

ခြင်း၄-၅ခြင်းကို ပလပ်စတစ်စဖြင့် လုံအောင်အုပ်ပေးပါ။ ထို့နောက် ပလပ်စတစ်စအပေါ်မှ သက်ကယ်၊ ဂျပ်စက္ကူကတ်၊ ကောက်ရိုးတစ်မျိုးမျိုးဖြင့် အလင်းမဖောက်စေရန် အုပ်ပါ။
စတင်စိုက်ပျိုးပြီး ၄ရက်အထိ မှိုစိုက်ထားသောခြင်းကို မလှပ်မိစေရန် အထူးဂရုပြုရပါမည်။ ၅ရက်မြောက်နေ့မှစ၍ နေ့ခင်းတိုင်း ၁၅မိနစ်ခန့် ပလပ်စတစ်ကို လှပ်ပေးပါ။ ရေလိုအပ်လျှင် ရေပါးပါးဖျန်းပေးပါ။

ထိုအချိန်တွင် ခြင်း၏ပတ်ပတ်လည်၌ မှိုမျှင်များ သန်းနေပါမည်။စိုက်ပြီး ၇ရက်ခန့်တွင် မှိုမျှင်ပျောက်ကာမှိုသန္ဓေခဲလေးများစထွက်လာပြီး ၁၀-၁၂ ရက်ခန့်တွင်အသင့်ခူးဆွတ်နိုင်ပါမည်။
စတင်ခူးဆွတ်စဉ်မှ ၁၀-၁၂ရက်အတွင်း နေ့စဉ်ခူးဆွတ်စားသုံးနိုင်ပြီး မှိုစိုက်ခြင်းတစ်ခြင်းမှ စုစုပေါင်း၈၀ ကျပ်သားမှ ၁ ပိဿာအထိထွက်နိုင်ပါသည်။

မှိုစိုက်ခြင်းသည် စတင်စိုက်ပျိုးသည်မှ နောက်ဆုံးခူးဆွတ်ပြီးချိန်ထိ (၂၀-၂၅) ရက် အနည်းဆုံးကြာမြင့်ပါသည်။
Credit-Original Writer