အနှိပ်မခံရရင် မနေနိုင်သူများ မဖြစ်မနေ ဖတ်ထားပါ
ခြေထောက်သွေးကြောများအတွင်းသွေးခဲခြင်း

မြန်မာအများစုကညောင်းညာရင်ခြေလက်အနှိပ်ခံအနင်းခံတာပြုလုပ်လေ့ရှိပါတယ်။ နင်းနှိပ်သူတွေကလည်းနင်းနှိပ်ရုံသာမကဘဲ ပေါင်အရင်းမှာ ခြေဖဝါးနဲ့ အသားကုန်အတန်ကြာဖိထားပြီးမှဆတ်ခနဲဖိထားတဲ့ခြေဖဝါးကိုဖယ်ပစ်ကာသူတို့အခေါ် အပူထုတ်တယ်ဆိုတဲ့နည်းကို သုံးလေ့ရှိကြတယ်။
ဘာနဲ့တူသလဲဆိုတော့ ရေစီးနေတာကို မစီးအောင် ခေတ္တနားထားပိတ်ထားပြီးမှ ဗြုန်းခနဲ အတားအဆီးကို ဖယ်လိုက်တဲ့အခါ သွေးတွေက ဒလဟောအမြန်စီးသွားလေတော့ ပူခနဲ၊ နွေးခနဲ၊ ရှိန်းခနဲ ခံစားလိုက်ရတယ်။ အဲဒါကို အနင်းခံသူက သွေးလျှောက်တယ်ထင်ပြီး ကောင်းတယ်ထင်ကြတယ်။

တကယ်က အန္တရာယ်ကြီးပါတယ်။ ဒလဟောစီးဆင်းတဲ့ သွေးတွေနဲ့အတူ တစ်နေရာရာမှာ ကပ်ငြိနေနိုင်တဲ့ သွေးခဲဖတ်တစ်ခုနှစ်ခုက ပြုတ်ထွက်လာပြီး နောက်တစ်နေရာမှာ သွေးကြောပိတ်ဆို့ကာ ပိတ်ဆို့တဲ့နေရာပေါ်မူတည်ပြီး အသက်အန္တရာယ်ကျရောက်နိုင်ပါတယ်။ ဒါကြောင့် အတင်းကာရောနှိပ်နယ်ခြင်း၊ အပူထုတ်ခြင်း မလုပ်သင့်ပါဘူး။
ခြေသလုံးသွေးကြောအတွင်းသွေးခဲခြင်းဆိုတာဘာလဲ

ခြေသလုံးကြွက်သားအတွင်းက သွေးကြောတွေထဲမှာ သွေးခဲဖတ်တွေ ဖြစ်တည်လာတာပါ။ အဲဒီသွေးခဲဖတ်တွေက အဲဒီနေရာကနေ တခြားနေရာကိုရွေ့သွားပြီး အရေးကြီးအင်္ဂါအစိတ်အပိုင်းကို ထောက်ပံ့တဲ့ သွေးကြောတစ်ခုခုကို ပိတ်ဆို့မိမယ်ဆိုရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်အတော်ကြီးမားပါတယ်။
DVT ရဲ့အချက်ပေးလက္ခဏာများ
ခြေသလုံးအတွင်း သွေးခဲဖတ်တွေရှိနေပြီဆိုရင် ခြေသလုံးကြွက်သားတွေ နာကျင်တယ်။ နီရဲရောင်ကိုင်းလာလို့ ခြေသလုံးတစ်ဖက်နဲ့တစ်ဖက် အရွယ်အစားချင်း မညီတော့ဘူး။ ကုသမှုမယူမချင်း အဲဒီသွေးခဲဖတ်တွေက အလိုလိုပျောက်ကွယ်မသွားတော့ဘူး။

တစ်ချိန်မဟုတ်တစ်ချိန်မှာ သွေးကြောတစ်လျှောက် ပြုတ်ထွက်မျောပါသွားပြီး အဆုတ်သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့ကာ Pulmonary embolism ကြောင့် ရုတ်တရက် အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊မောပန်းနွမ်းနယ်ကာ အသက်ရှူမဝ၊ အသက်ရှူမရတော့ဘဲရုတ်တရက်သေဆုံးနိုင်ပါတယ်။
ဦးနှောက်ကိုသွေးပို့တဲ့ သွေးကြောတစ်နေရာရာမှာ ပိတ်ဆို့ခဲ့ရင် လေဖြတ်တာနဲ့ အသက်သေဆုံးတာမျိုးလည်း ဖြစ်စေနိုင်တယ်။ တချို့မှာအထက်ပါလက္ခဏာတွေကသိပ်မသိသာလို့ ဒါမှမဟုတ်သတိမထားမိလို့ ကုသမှုယူတာ နောက်ကျရင်အသက်အန္တရာယ် အလျင်အမြန်ကျရောက်စေပါတယ်။

မိသားစုထဲ အလားတူဖြစ်ဖူးရင်၊ အသက်ကလည်း ၆၀ ကျော်နေရင်၊ နှလုံးနဲ့သွေးကြောကျဉ်းရောဂါ မိသားစုထဲမှာဖြစ်ဖူးရင် သင်ကိုယ်တိုင်လည်း DVT ရောဂါဖြစ်ဖို့ အလားအလာအလွန်များပါတယ်။
ဘာကြောင့်ဖြစ်လာရသလဲ
ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပေမယ့် သတိမထားမိရင် နှစ်စဉ် အရွယ်ရောက်သူ ထောင်ပေါင်းများစွာ သေဆုံးစေပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင်နှစ်စဉ်တစ်သိန်းမှ ၂ သိန်းလောက် DVT ရောဂါနဲ့ သေဆုံးကြရတယ်။

သွေးအသွားအလာ နှေးကွေးစေတဲ့လူတွေ၊ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေသူတွေ၊ အဝလွန်နေသူတွေ၊ အထိုင်များပြီး သွက်လက်လှုပ်ရှားမှုနည်းပါးသူတွေ၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံသုံးစွဲသူတွေ၊
သန္ဓေတားဆေးဟော်မုန်းနဲ့ သွေးဆုံးအပြီး ဖြည့်စွက်ဟော်မုန်းဆေးသုံးစွဲသူတွေက အဆိုပါသွေးကြောတွင်း သွေးခဲတဲ့ DVT ရောဂါဖြစ်ဖို့ နီးစပ်ပါတယ်။အဆီအအိမ့်အချိုအငန်များတာ ရှောင်ပြီး အသားနဲ့ထမင်း/ဂျုံ အများကြီးမစားဘဲ
အသားနဲ့ ထမင်း အသင့်အတင့်နဲ့ အသီးအရွက် အသီးအနှံ ပိုများများစားခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်း၊သွက်လက်လှုပ်ရှားစွာနေထိုင်ခြင်း၊ သွေးတိုးမဖြစ်အောင်ကျန်းမာရေးဂရုစိုက်ခြင်း၊သွေးတိုးရှိနေရင်လည်း စနစ်တကျကုသတာ၊ သွေးပေါင်ချိန်ကို ပုံမှန်နီးပါးရှိနေအောင်ထိန်းသိမ်းခြင်း၊

လေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်ခြင်း၊ လမ်းများများလျှောက်ခြင်း စတာတွေဆောင်ရွက်မယ်ဆိုရင် DVT ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ဖြစ်ပြီးသူဆိုရင်လည်း ကုသအပြီး ပြန်မဖြစ်အောင် တားဆီးနိုင်ပါတယ်။
Credit to ဒေါက်တာအေးမြချယ်