ရွှေမန်းရဲ့မျိုးဆက် အကယ်ဒမီများရှင် ဦးညွန့်ဝင်း ယနေ့တွင်ကွယ်လွန်….
အကယ်ဒမီများရှင် ဦးညွန့်ဝင်းသည် ယနေ့တွင်ကွယ်လွန်သွားကြောင်းသိရပါသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်းကို အဖ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သထုံမြို့၊ ဇွဲကလာရွာ၌ မွေးဖွားခဲ့သည်။

မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းမောင်လှမျိုး ရိုက်ကူးသော ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားပင် ဖြစ်သည်။

ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပထမဆုံး ဆွတ်ခူးရရှိခဲ့သည် ။

ညွန့်ဝင်းသည် ဗန်တိုလူလေးနှင့် သူဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊

တတိယအရွယ်၏ဒုတိယဝေဒနာ ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ သီတာခုနှစ်တန် ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ သူ့ကျွန်မခံပြီ ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊

ဆန်ရေ ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်။

ယခုကွယ်လွန်ချိန်တွင် အသက် (၈၀) ရှိပြီဖြစ်ပြီး မြန်မာရုပ်ရှင်လောကအတွက်ကြီးစွာသောဆုံးရှုံးမှုကြီးဖြစ်သည်။