အစာအိမ်ကင်ဆာ ဖြစ်ကြောင်း ပြတတ်တဲ့ရှေ့ပြေး ရောဂါလက္ခဏာများအကြောင်း
ကင်ဆာလို့ပြောလိုက်ရင်လူတော်တော်များများကြောက်လန့်သွားတတ်ကြတယ်။ ကင်ဆာဆိုတာဘယ်အသက်အရွယ်မဆိုဖြစ်တတ်သလို ဖြစ်လာခဲ့ရင်လည်းအသက်အန္တရာယ်ရှိလို့ လူတိုင်းကြောက်လန့်ကြတာလည်း မဆန်းပါဘူး။
ပြီးတော့များသောအားဖြင့်ကင်ဆာရောဂါတွေက ရောဂါလက္ခဏာသိသိသာသာထင်ထင်ရှားရှားမပြတတ်ကြဘူး။ မသိလိုက်မသိဘာသာနဲ့ပဲအဆင့်တွေလွန်မှသိရတာများတော့ကုသဖို့လည်းနှောင့်နှေးရတာမျိုးတွေ ဖြစ်တတ်တယ်။ အချိန်လွန်မှသိတဲ့အတွက်အသက်တွေလည်း မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာအရင်ကထက် ဖြစ်ပွားတာများလာတဲ့အစာအိမ်ကင်ဆာအကြောင်းလေးပြောပြချင်ပါတယ်။အစာအိမ်ကင်ဆာဆိုတာအသက်အရွယ်မရွေး ကျား/မ မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါတစ်ခုပါ။ များသောအားဖြင့် အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်၅၀ နဲ့ထက်မှာပိုဖြစ်တတ်ပေမယ့်ငယ်ရွယ်တဲ့သူတွေမှာလည်းဖြစ်တာတွေတွေ့နေရပါတယ်။
ဆေးလိပ်သောက်တတ်သူတွေနဲ့မိဘမျိုးရိုး ရှိတဲ့သူတွေမှာပိုဖြစ်တတ်ပါတယ်။လူမျိုးအနေနဲ့ကတော့ ပူပူစပ်စပ်တွေအရမ်းစားတတ်တဲ့ကိုရီးယားလူမျိုးတွေ ဂျပန်လူမျိုးတွေတရုတ်လူမျိုးတွေမှာပိုဖြစ်တာတွေ့ရပါတယ်။အငန်တွေ၊တာရှည်ခံအောင် ပြုလုပ်ထားတဲ့အစားအစာတွေ( ဥပမာ-ဆီသွပ်ဗူးတွေ၊ယမ်းစိမ်းပါတဲ့အစားအစာတွေ )ကိုအစားများတဲ့သူတွေမှာလည်း သူများတွေထက်စာရင်အစာအိမ်ကင်ဆာဖြစ်ဖို့အန္တရာယ်ပိုများပါတယ်။

အရက်သောက်တတ်တဲ့သူတွေအစားတွေအများကြီးကိုတစ်ခါတည်းစားတတ်သူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။ အကင်တွေ အစားများတာ၊အသားစိမ်းငါးစိမ်းတွေအစားများတာအစားအစာကိုသေချာမချက်ပြုတ်တာတွေကလည်းအဖြစ်များစေတဲ့အကြောင်းအရင်းတွေပါပဲ။
ရောဂါတွေအနေနဲ့ကတော့အစာအိမ်နဲ့အူလမ်းကြောင်းမှာအဖုအကျိတ်တွေရှိတာ၊Hpylori လို့ခေါ်တဲ့ပိုးရှိတာတွေကလည်းရေရှည်မှာအစာအိမ်ကင်ဆာကိုဖြစ်ပွားစေနိုင်ပါတယ်။ သွေးအုပ်စုအနေနဲ့ဆိုရင် အေသွေးတွေကပိုအဖြစ်များပါတယ်။ အဝလွန်တဲ့သူတွေကိုယ်အလေးချိန်များတဲ့သူတွေမှာလည်းဖြစ်နိုင်ချေများပါသေးတယ်။




အစာအိမ်ကင်ဆာကစစဖြစ်ပွားခြင်းမှာဆိုရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ များသောအားဖြင့်ရောဂါရင့်မှသာလက္ခဏာပြလေ့ရှိပါတယ်။တချို့လူတွေမှာတော့ရင်ပူတာ၊အချဉ်ရည်တွေ ပြန်တက်တာ၊လေချဉ်တက်တာတွေခံစားရတတ်ပါတယ်။ လေပွနေတာ၊ပျို့တာအန်တာမျိုးတွေလည်းရှိတတ်ပါတယ်။ နည်းနည်းလေး စားရုံနဲ့ ဗိုက်ကြီးတင်းသွားတာ ၊ အရမ်းကြီး ပင်ပန်းနွမ်းလျသလို ခံစားနေရတာမျိုးတွေလည်း ရှိတတ်တယ်။ဗိုက်အောင့် ဗိုက်နာတတ်တယ်။

အစာအိမ်ကင်ဆာကြောင့်ဖြစ်တဲ့ ဗိုက်အောင့်တာတွေက အစားစားပြီးတဲ့ အချိန်တွေမှာ ပိုနာတတ်တယ်။ အစာစားချင်စိတ်တွေ မရှိတော့တာမျိုး ကိုယ်အလေးချိန်တွေ ရုတ်တရက် ထိုးကျသွားတာမျိုးတွေ ဖြစ်တတ်တယ်။ကင်ဆာဆဲလ်တွေ အစာအိမ်နံရံတွေ ၊ သွေးကြောတွေကို ထိုးဖောက်သွားတာမျိုး ရှိရင်တော့ သွေးအန်တာတွေ ၊ သွေးဝမ်းသွားတာတွေကို ခံစားရနိုင်ပါတယ်။




သွေးအန်တယ်ဆိုတဲ့ နေရာမှာ စစချင်း သွေးရောင်ရဲရဲတွေ ပါချင်မှ ပါမှာပါ။ ကော်ဖီဖျော်လိုက်ရင် အောက်မှာအနည်ကျတဲ့ ကော်ဖီအနှစ်ရောင်တွေ အန်တတ်ပါတယ်။ ပြီးမှ သွေးရဲရဲတွေ ပါလာတတ်ပါတယ်။ ဒီလိုပါပဲ သွေးဝမ်းသွားတယ်ဆိုတဲ့ နေရာမှာ ကတ္တရာစေးလို ဝမ်းမဲမဲတွေ သွားတာပါ။ ပုံမှန်ဝမ်းထက် ပိုနံပြီးတော့ ဝမ်းပျော့ပျော့ပုံမျိုး ရှိတတ်ပါတယ်။
ဒီလို ဝမ်းမျိုးက ရေလောင်းချလိုက်ရင် ရဲခနဲ ဖြစ်သွားတတ်ပါတယ်။အသည်းကို ပျံ့တဲ့အခါ အသားဝါတာ ၊ မျက်လုံးဝါတာတွေ ဖြစ်တတ်သလို အရိုးကို ပျံ့တဲ့အခါ အရိုးတွေ နာကျင်ကိုက်ခဲတာ၊ ခါးနာခါးကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အဆုတ်တွေ ၊ ဦးနှောက်တွေကို ပျံ့တာမျိုးတွေလည်း ရှိပါတယ်။

စောစောသိရင် ခွဲစိတ်ကုသလို့ ရပေမယ့် တခြားနေရာတွေကို ပျံသွားမှသိရင်တော့ အချိန်လွန်သွားတတ်ပါတယ်။ဒါကြောင့် မိမိမှာ မသင်္ကာစရာ ရောဂါ လက္ခဏာတစ်ခုခု ခံစားလာရပြီဆို တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကင်ဆာရောဂါမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ ၊ ဆေးလိပ်ဖြတ်တာတွေ လုပ်သင့်ပါတယ်။ အဆီအစိမ့်တွေ လျော့စားပြီး ဟင်းသီးဟင်းရွက် များများ စားသင့်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုကို ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ကင်ဆာရောဂါသာမကဘဲ ရောဂါတော်တော်များများကိုလည်း ကာကွယ်ရာ ရောက်မှာ ဖြစ်ပါတယ်။
Source: Ondoctor(Credit)