ရေတွင်းတူးမည့်သူများအတွက် မြန်မာနည်း ကွမ်းရွက်ဖြင့် ရေကြောရှာနည်း
ရေ အသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ရေသည် မရှိမဖြစ် အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေကိုအမျိုးမျိုး ရှာဖွေနေကြပါသည်။

တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။
ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့်စမ်းသပ်ရှာဖွေနေကြရာတွင်တချို့ လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲရှိကြပါသည်။

ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သောရေရှိရာ နေရာ၊ ပေအနက်စသည်ဖြင့်တိကျစွာ
ရေရှိ-မရှိစမ်းသပ်သည့်မြန်မာ့ရိုးရာ နည်းပညာကိုဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်းသာသနာပြုဆရာတော်ကြီး၏ခြေတော်ရင်းတွင်ပညာဆည်းပူးရင်း

သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။
မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင်ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက်ပထမဦးစွာ ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။

ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကိုညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၎င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံးရရာကိုယူပြီး လေမဝင်အောင် မှောက်ထားပါ။

နံနက်မိုးလင်းသည်နှင့် ၎င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။
ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင်ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။

ရေသည် (၁၅) တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀ ) မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။
ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည် ခင်ဗျား။

Credit- ဒီလှိုင်း(သပိတ်ကျင်း)