သင့်ကျန်းမာရေးအတွက် ညအိပ်ရာဝင်တိုင်းခြေထောက်ဆေးခြင်းအကျိုး
ညအိပ်ရာဝင်ချိန် ခြေထောက်ဆေးခြင်းဖြင့်မျက်စိကြည်ပြီးအတွင်းတိမ်ဖြစ်ခြင်းမှကာကွယ်နိုင်သည်ဟုရှေးလူကြီးများပြောကြသည်။တစ်နေကုန်သွားလာလှုပ်ရှားရင်းခန္ဓာကိုယ်တွင်း ရောက်ရှိလာသောအပူအခိုးအငွေ့များသည် အိပ်ချိန်တွင်အထက်သို့တက်ကြသည်။

အိပ်ပျော်နေရင်းခေါင်းချွေးများထွက်ခြင်း၊သွားရည်ကျခြင်း၊အစာမစားဘဲပါးစပ်မှဝါးခြင်း၊သွားကြိတ်ခြင်း၊ကယောင်ကတမ်းပြောခြင်းများသည်လေပူအထက်သို့တက်ခြင်းကြောင့်ဖြစ်ရသည်။
မိတ်ဆွေ တစ်ဦး၏ သားငယ်သည်ညအိပ်လျှင်ကယောင်ကတမ်းစကားများ ပြောလေ့ရှိသဖြင့်ကလေးကိုညအိပ်ရာမဝင်မီဒူးအောက်ပိုင်းရေလောင်း၊ခြေဆေးပြီးအိပ်ရာဝင်စေသောအခါကယောင်ကတမ်းပြောခြင်းမှသက်သာလာသည်ကိုတွေ့ရသည်။

ကလေးများသည်နေပူထဲတွင်တစ်နေကုန်ဆော့ခြင်း၊ရေခဲရေ၊ရေခဲမုန့်များစားသောက်ခြင်းကြောင့်ကိုယ်တွင်အပူအလွန်များသည်။ထို့ကြောင့်ပင်ကလေးများဖျားနာလျှင် လူကြီးများထက်ကိုယ်အပူချိန် များသည်ကိုတွေ့ရသည်။ကိုယ်တွင်းအောင်းသောအပူများသည်နေ့တွင်ခြေဖဝါးမှထွက်လေ့ရှိသည်။
ခြေသလုံးတွင်ချွေးစိုနေပြီးခြေဖဝါးမှထိုက်သင့်သောခြေဆီထွက်လျှင်ကျန်းမာသောသူဖြစ်သည်။ ခြေသလုံးမှာချွေးမထွက်၊ခြေဖဝါးတွင် ခြေဆီမထွက်၊ဖနောင့်ဖဝါးများတွင်အက်ကွဲခြင်းများတွေ့ရလျှင်အောက်ပိုင်းအခိုးမညီသူ ဖြစ်သည်။အထက်သို့အပူကန်ခြင်းများသောကြောင့်မျက်စိမှုန်ခြင်း၊မျက်မှန်ဒီဂရီတိုးခြင်း၊ဆံပင်ကျွတ်ခြင်း၊ထိပ်ပြောင်ခြင်းများအသက်ငယ်ငယ်နှင့်ပင်ဖြစ်နိုင်ခြေရှိသည်။

ဝမ်းချုပ်၊ဓာတ်ချုပ်လျှင်ပို၍ပင်ဆိုးနိုင်ပေသည်။ဆီးချိုသွေးချိုရောဂါ ရှိသူများသည်ညအိပ်ပျော်သွားပြီးတစ်ရေးနိုးတွင်အာခေါင်ခြောက်ပြီးရေငတ်လေ့ရှိသည်။ အစာအိမ်မှာအပူငွေ့ပြန်ပြီးအာခေါင်မှသွားဖုံး၊အထက်မျက်စိထိအောင်အပူငွေ့တက်သဖြင့်ဆီးချိုသမားများမျက်စိကွယ်သည်အထိဖြစ်ရလေသည်။
ဆီးချိုသွေးချိုရောဂါကိုကုသသည်ကတစ်ဖက်၊တခြားတစ်ဖက်မှလည်းတိုင်းရင်းဆေးပညာဥပဒေသကုထုံးများနှင့်အညီပြုသင့်သည်။ထိုသို့ပြုရန် နည်းလမ်းမှာညအိပ်ရာမဝင်မီခြေဖဝါးတွင်ဆားပွတ်ခြင်း၊ဒူးမှအောက်ပိုင်းသို့ရေလောင်း၊ ရေဆေးခြင်းပြုရမည်။

ရေလောင်းသည့်အခါတွင်လည်းအတော်အသင့်မဟုတ်ဘဲခုနစ်ခွက်မှ၁ဝ ခွက်အထိအခိုးအကင်းများကုန်စင်အောင်လောင်းဆေးခြင်းသည်ကျန်းမာရေးအတွက်အကျိုး ရှိစေသည်။ ခြေထောက် ရေဆေးခြင်းကြောင့်ညတစ်ရေးနိုးချိန်အာခြောက်ရေငတ်ခြင်းနှင့်ဆီးချိုကြောင့်မျက်စိကွယ်ခြင်းကိုပါကာကွယ်နိုင်သည်။
ရေရှည်လုပ်ဆောင်မှလည်းအကျိုးရှိမည်ကိုသတိပြုဖို့လိုသည်။ သိမ်ဖြူဆရာတော် အရှင်နာဂသေနာဘိဝံသ၏ အာယုဗ္ဗေဒ ဆေးသိပ္ပံ၊ အခြေခံ ကျန်းမာရေး သင်ခန်းစာ စာအုပ်တွင် ဖော်ပြထားသော ကျန်းမာသော ရေချိုးနည်းမှာ ရေချိုးသောအခါ အောက်ပိုင်း ခြေကို စတင် လောင်း၍ ဒူး၊ ပေါင်စသည်ဖြင့်တရွေ့ရွေ့အထက်သို့ လောင်းပြီးတစ်ကိုယ်လုံး ချိုးပါ။

ရေချိုးစဉ် ပထမတွင် ကိုယ်စိုရုံမျှ ရေလောင်း၍ အတွင်းအခိုးများ ထွက်လာစေရန်၊ ထွက်ခွင့်ရသည့် အခိုးများ ထွက်ခွင့် ရစေရန် အတန်ငယ် ရပ်နားပြီး နောက် လိုသလို ချိုးရ၏။အထူးအားဖြင့် ခေါင်းပိုင်း၌ ရောဂါရှိသူများ ခေါင်းကို ရေလောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာ ရေကို ပါးစပ်တွင် ငုံ၍ ထားပါ။
သို့မှသာ ခန္ဓာကိုယ် အတွင်းရှိ အပူအပုပ်ခိုးများ ရန်မှ ကာကွယ်ပြီး ဖြစ်ကုန်၏။ ယင်းသို့ ပြုလုပ်ပေးလျှင် သွားနှင့်ဆိုင်သော ရောဂါများ ကင်းရှင်းနိုင်၏။မျက်စိ ဆရာဝန်ကြီးများ ဆေးခန်းတွင် မျက်စိတိမ်စွဲ၍ ခွဲစိတ်ကုသရသူ၊အတွင်းတိမ်၊ရေတိမ်စသည့်မျက်စိ ဝေဒနာဖြစ်ရသူများ၏ ခြေထောက်များကို ကြည့်သောအခါ ချွေးခြောက်ပြီးခြေသလုံး အသားပပ်ကာခြေဖဝါး၊ခြေဖနောင့်ကွဲအက်သူများဖြစ်ကြောင်းတွေ့ရလေသည်။

ဝမ်းချုပ်ခြင်းကြောင့်လည်း အောက်ပိုင်း ခြေနှစ်ဖက်ကိုက်ပြီး အထက်သို့ အခိုးပြန်ပြီး အကြောတက်သည်။ ဝမ်းကြော၏ အဆုံးသည် အူမကြီးတွင်ဆုံးသည်။အူမကြီးအစာဟောင်းအိမ်တွင် ဝမ်းပုပ်နှင့်စမြင်းများ ပိတ်မိသောအခါ ခြေတစ်လျှောက်သွားသော ပေါင်ခြံအတွင်းမှ သွေးကြောမကြီးတွင် လေပိတ်ပြီး အောက်ပိုင်းခြေသလုံးနှင့် ခြေဖျားသို့ သွေးလျှောက်အား နည်းသွားသည်။
ထိုအခါ ခြေနှစ်ဖက်လုံး ကိုက်ခဲခြင်း၊ ထုံကျဉ်ခြင်းများ ဖြစ်နိုင်သည်။ ထိုသူများသည် ည အိပ်ရာဝင်ချိန် မတိုင်မီ ခေါက်တုံ့ခေါက်ပြန် ခြေလှမ်း ၁ဝဝ ခန့် လမ်းလျှောက်ပေးခြင်း ပြီးလျှင် ဒူးအောက်ပိုင်း ခြေထောက်ကို ရေဆေးခြင်း ပြုလုပ်လျှင် သက်သာ စေနိုင်သည်။ ”ဒူလာ ပါဒရက် ခြေကတက်” ဟု ရှေးကလူကြီးများ ပြောသည့် အညောင်းအကိုက် ရောဂါကို ခြေဆေးခြင်းဖြင့် မှန်မှန်ကန်ကန် ပြုလုပ်လျှင် သက်သာ စေနိုင်သည်။
ညအိပ်ရာဝင် ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုး ကျေးဇူးများ
(၁) တစ်နေကုန် အောင်းနေသောအပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။( ၂) ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာစေသည်။

( ၃) ရင်ညွန့်သို့ တက်သောလေ၊ ဘဝင်သို့ တက်သောလေ၊ နှလုံးသို့တက်သော လေပူ တို့ကိုသက်သာစေသည် ။( ၄) ခြေထောက်ကိုသန့်စင်စွာဆေးပြီးအိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှသက်သာ စေနိုင်သည်။
(၅) ခြေသလုံး နှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။( ၆) နံနက် အိပ်ရာထတွင် မျက်ဝတ်များ ထွက်ခြင်း၊ မျက်စိ ဖွင့်မကောင်းခြင်းမှ သက်သာစေသည်။( ၇) ခန္ဓာကိုယ် အပူအအေး မျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာ စေသည်။

(၈) အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။( ၉) ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာ စေသည်။ (၁ဝ) ဆံပင်ဖြူခြင်းကို သက်သာစေသည်။(၁၁) ကျွတ်သော ဆံပင်ကို ပြန်ပေါက် စေနိုင်သည်။
(၁၂) မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာ စေနိုင်သည်။ညအိပ်ရာဝင်ချိန် ခြေထောက် ရေဆေးခြင်းဖြင့် ရောဂါ အမျိုးမျိုးကိုသက်သာစေနိုင်သည်။

ကြွက်တက်ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက် ရောဂါ၊ လေးဖက်နာရောဂါ၊သွားနှင့်သွားဖုံးရောင်၊သွားဖုံးကြွရောဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန် ဒီဂရီတိုးခြင်း၊ အစာအိမ် လေပူထခြင်း၊ လေပူအထက် တက်၍မူးမော်ရင်တုန်၊နှလုံး လေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။
ခြေဆေးလျှင် လုံချည်၊ ထဘီကို ပေါင်အလယ်ထိအောင်မတင်ပြီး ရေအေးဖြင့် ခုနစ်ခွက်ခန့် လောင်းဆေးသင့်သည် ။ ခြေဆေး ပြီး နောက် ခေတ္တ အပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည် ။

နေ့စဉ်မှန်မှန် ပြုလုပ်မှသာ အကျိုးရှိမည့်နည်း ဖြစ်တာကြောင့် အများသူငှာ သိရှိစေဖို့ရာ မျှဝေပေးလိုက်ရပါတယ်။
Source – Yadanarpondaily