ကိုဗစ်ကာကွယ်ဆေးဟာ နှလုံးရောဂါသမားများအတွက်ထိုးသင့်လား?
ကာကွယ်ဆေး covid 19 vaccination နဲ့ နှလုံးရောဂါ

နှလုံး ရောဂါသမားများ၊သွေးမခဲဆေး၊သွေးကြဲဆေးသောက်နေရသူများကိုဗစ်ကာကွယ်ဆေးထိုးလို့ရလားသိချင်သူများအတွက်အမေးများတဲ့ မေးခွန်း(၄)ခု အခုတလောကျွန်တော့်ရဲ့နှလုံးလူနာများအမေးများတဲ့သိချင်ကြတဲ့အချက်လေးများအသိပေးချင်ပါတယ်။
မေးခွန်း (၁) နှလုံးနဲ့ သွေးကြောရောဂါအခံရှိသူများထိုးလို့ရလား ? ထိုးလို့ ရပါတယ်။ကာကွယ်ဆေးကအမျိုးမျိုးသောနှလုံးရောဂါတွေကိုပိုဆိုးစေတဲ့အချက်အလက်များ မရှိပါ။နှလုံးရောဂါအပြင်ဆီးချိုနာတာရှည်အဆုတ်ရောဂါအဝလွန်အစရှိတဲ့သူများ မှာလဲထိုးလို့ရပါတယ်။ကိုယ်ခံအားမြင့်တက်ကာကွယ်နိုင်မှုကလည်းတခြားရောဂါအခံမရှိသူများနဲ့ သိပ်မကွာခြားပါဟုဆိုပါသည်။အဆင်ပြေပါသည်။

မေးခွန်း (၂) သွေးကြဲဆေး သောက်နေသူများစိတ်ချလက်ချထိုးလို့ ရလား ? သွေးကြဲဆေး Antiplatelet လို့ ခေါ်တဲ့ Aspirin နဲ့ clopidogrel သောက်နေသူများပုံမှန်အတိုင်းဆေးမဖြတ်ပဲထိုးနိုင်ပါတယ်။အလွန်ဆုံးဖြစ်နိုင်တာကဆေးထိုးသည့် နေရာသွေးခြေဥတာလောက်ပဲဖြစ်မှာပါ။ဒါလည်းလူတိုင်းခံစားရမှာမဟုတ်ပါ။

မေးခွန်း (၃) သွေးကြဲဆေးအပြင်းစားခေါ်မလားသို့မဟုတ်သွေးမခဲဆေးပဲခေါ်မလား( warfarin သို့မဟုတ် neweranticoagulant rivaroxaban/ apixaban/ dabigatran)အစရှိတဲ့ဆေးများသောက်နေသူ များအတွက်ရောအဆင်ပြေပါ့မလား ? ဆေးထိုးလို့ရပါတယ်။
ဒီကာကွယ်ဆေးကအရည်ပြား အောက်ထိုးတာမဟုတ်ပဲကြွက်သားထဲထိုးတာဖြစ်တဲ့အတွက်သွေးခြေဥ( bruises)ပိုပေါ်တာတော့ ဖြစ်နိုင်ပါတယ်။ ဆေးသောက်နေတုန်းကာကွယ်ဆေးထိုးလို့အဆင်မပြေဟုမတားမြစ်ထားပါ။

ဒါပေမဲ့သွေးကြဲနေသည့်ပမာဏ INR ပုံမှန် (right range )ထက်မများနေဖို့ပဲအရေးကြီးပါသည်။ ဒီဆေးဝါးတွေ သောက်သုံးနေသည့်လူနာများကုသပေးနေသည့်သမားတော်နှင့်ဆေးမထိုးခင်တိုင်ပင်စစ်ဆေးသင့်ပါသည်။
သွေးကြဲဆေးသောက်နေရသူများဟာဆေးထိုးထားတဲ့နေရာကိုထိုးပြီးတစ်မိနစ်လောက်ဖိထားပါက( press firmly )သွေးခြေဥပေါ်တာသက်သာစေမယ်လို့တချို့ကျွမ်းကျင်သူများကအကြံပြုထားပါတယ်။

မေးခွန်း (၄) ကာကွယ်ဆေးထိုးသည့်အချိန်နှလုံးဆေးများဆက်သောက်လို့ရသလား ? သောက်လို့ရပါတယ်။ကာကွယ်ဆေး ကရောနှလုံးဆေးတွေကရောအချင်းချင်းဓာတ်ပြုသည့်၊အနှောင့်အယှက်ပြုသည့် (interaction) အချက်အလက်များမတွေ့ရှိရပါ။
နှလုံးရောဂါသမားများ၊သွေးမခဲဆေး၊သွေးကြဲဆေးသောက်နေရသူများကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပါသည်။အားလုံးကျန်းမာချမ်းသာကိုဗစ်နဲ့ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)
Reference – British Heart Foundation ( Q&A)