လူ့ခန္ဓာကိုယ်အတွက် အခါးဓါတ်စားပေးသင့်သောအကြောင်းအရင်းများ

လူ့ခန္ဓာကိုယ်အတွက် အခါးဓါတ်စားပေးသင့်သောအကြောင်းအရင်းများ

လူသားမှန်သမျှ မွေးဖွားပြီးစကာလဝယ်အမိနို့ ရည်၊တိရစ္ဆာန်နို့ရည်၊ လူလုပ်နို့မှုန့်ပစ္စည်း စသည်တို့ ကိုမှီဝဲပြီး အသက်ဆက်လက်ရှင်သန်ရသည်။ချိုချဉ်စပ်ဖန်ခါးအငန် ခြောက်တန်အရသာဟူ၍အရသာ ခြောက်မျိုးရှိသည့်အနက် ငယ်စဉ်တောင်ကျေး ကလေး ဘဝတွင် အချိုအရသာနှင့် စတင်ထိတွေ့ရသည်။

တဖြည်းဖြည်းကြီးပြင်းလာသည်နှင့်အမျှ မိဘဆွေမျိုးများကျွေးမွေးသော အရသာများကို စားသုံးဖြစ်ကြ သည်။ပထမဦးဆုံးစားသုံးရသော အချိုအရသာကိုမကြိုက်သူဟူ၍ မရှိသလောက်ရှားပါးကြသည်။

အရွယ်ရလာသည်နှင့်အမျှအချဉ်ကြိုက်သူ၊အစပ်ကြိုက်သူ၊အဖန်ကြိုက်သူ၊အငန်ကြိုက်သူများအထိုက်အလျောက်ရှိလာတတ်သော်လည်းအခါးကြိုက်သူနည်းပါးနေသည်ကိုလေ့လာတွေ့ရှိရသည်။

ဤသို့ဖြစ်ရခြင်းမှာမိဘဆွေမျိုးများကိုယ်တိုင်ကအခါးအရသာအစားနည်းပါးခြင်းကြောင့်လည်းကောင်း၊ကလေးစားလိုသည့်တိုင်အောင်‘ခါးတယ်၊မစားနဲ့’ဟုတားမြစ်တတ်ခြင်း ကြောင့်လည်းကောင်းအခါးကြိုက်သူ နည်းပါးနေရခြင်းဖြစ်နိုင်ပါသည်။

လူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရဆိုလျှင်အရသာခြောက်မျိုးစလုံးသင့်တင့်လျောက်ပတ်အောင်စားသုံးပေးရန်လိုအပ်မည်ဖြစ်ပါသည်။ဒေသနာနယတိုင်းရင်းဆေးပညာအလိုအရအချို(အဆိမ့်)ဓာတ်သည်ခွန်အားဗလကိုဖြစ်စေနိုင်သည်။

အဖန်နှင့် အငန်(အအေး)ဓာတ်သည်စိမ့်ဝင်ပြန့်နှံ့ရေးတွင်အထောက်အကူပြုနိုင်သည်။အချဉ်နှင့်အစပ်(အပူ)ဓာတ်သည်ကြီးထွားရင့်ကျက်ခြင်းကိုဖြစ်စေနိုင်သည်။အခါးဓာတ်သည်လှုပ်ရှားထောက်ကန်မှုကိုဖြစ်စေနိုင်သည်။

နရသုခိဆေးကျမ်းတွင်မူ

ဗာဟုဗလစသည်မပျက်၊ ကြမ်းခက်မာ ကြော၊တင့််မောကျက်သရေ၊ ဖြစ်စေသမှု မြေ ဓာတ်ပြု၏။(ပထဝီဓာတ်-ဆိမ့်ချိုအရသာ)ပေါင်းစုဗန္ဓနာ၊ ဆင်းဝါရုပ်ရည်၊တည်ကြည်စေမှု၊ရေဓာတ်ပြု၏။(အာပေါဓာတ်- ချို အေး၊ငန်အေးအရသာပူသန်ကြီးမြင့်၊ရင့်ခြင်းကစ၊ အာဟာရကို၊ကြေမွစေမှု၊မီးဓာတ်ပြု၏။

(တေဇောဓာတ်- ပူစပ်ချဉ်ဖျဉ်းအရသာ)သုခကာရီ ဉာဏ်သညီနှင့် ဝစီစကား လှုပ် ရှားစေမှု လေဓာတ်ပြု၏။(ဝါယောဓာတ်- အခါး အရသာ)နရသုခိ ဆေးကျမ်းအလိုအရအခါးအရသာကိုကြီးစိုးသောဝါယောဓာတ်သည်လူ၏ဉာဏ်ရည်ကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ စကားပြောရာတွင်ပီသကြည်မြစေခြင်း၊

သွားလာလှုပ်ရှားရာတွင်ပေါ့ပါးသွက်လက်စေခြင်း၊လူ့ခန္ဓာကိုယ်ကိုအေးမြလန်းဆန်းစေခြင်းဟူသောကောင်းကျိုးများပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ဉာဏ်ကိုများများသုံးနေရသောဉာဏလုပ်သားများ၊အငြိမ်မနေရဘဲသွားလာလှုပ်ရှားလုပ်ကိုင်နေရသောကာယလုပ်သားများ၊

စကားများများ ဟောပြောရသောကျောင်းဆရာ၊သင်တန်းဆရာ၊ဗေဒင်ဆရာ များအနေဖြင့်ခန္ဓာကိုယ်တွင်းရှိဝါယောဓာတ်ကိုအမြောက်အမြားအသုံးပြုနေရပေလိမ့်မည်။အခါး အရသာရှိသောအစားအသောက်များကိုမကြာခဏစားသုံးမှီဝဲရန်လိုအပ်မည်ဖြစ်သည်။

အဝင်နှင့်အသုံးမမျှမတဖြစ်လာသောအခါမှတ်Óာဏ်လျော့နည်းသွားခြင်း၊တစ်ဆက်တည်းစကားကြာကြာမပြောနိုင်တော့ခြင်း၊လှုပ်ရှားသွားလာရာတွင်လေးလံထိုင်းမှိုင်းလာခြင်းတို့ဖြစ်လာနိုင်ပါသည်။

ရောဂါကြီးလျှင် အိပ်ရာ ထဲ လဲလျောင်းနေရသော လေပြတ် (လေအားပြတ် ခြင်း) လူနာဘဝသို့ရောက်သွားပါလိမ့်မည်။အခါးဓာတ် စားသုံးမှီဝဲမှု အားနည်းလျှင် အခြား အခြားသောရောဂါများဖြစ်ပွားနိုင်ခြေလည်း ပိုမိုများပြား လာတတ်သည်။

သို့အတွက်ပင် ရောဂါအများစု အတွက်သက်သာပျောက်ကင်းစေနိုင်သောဆေးဝါးများ အားလုံးလိုလို အခါးအရသာကြီးစိုးနေသည်ကို တွေ့ရှိရ သည်။ အခါးဓာတ် ဆေးဖက်ဝင်နေခြင်းမှာ လူ့ခန္ဓာ ကိုယ်တွင် အခါးဓာတ် အလိုပြနေ၍ဖြစ်ပါသည်။

အခါးဓာတ် ဖြည့်ပေးနိုင်စွမ်းရှိသော အစား အစာ အသီးအရွက်များမှာ- မဲဇလီ၊ ခွေးတောက်၊ ရှားစောင်းလက်ပတ်၊ကြက်ဟင်းခါး၊ဂန့်ဂလာ၊ကနဖော့၊ ငါးရံ့ပတူ၊ ကတက်၊ ဧကရာဇ်၊ မလွှပွင့်၊ သခွတ်ပွင့်၊ ဖန်ခါးသီး၊ခရမ်းကစော့သီး၊ လက်ဖက်၊ တမာ၊ ကြောင် လျှာ၊ရဲယို စသည်တို့ ဖြစ်ပါသည်။

ခါးသက်သက်ရှိ သောအသီးအနှံ၊ အသီးအရွက်များတွင်လည်း ဝါယော ဓာတ် အထိုက်အလျောက်ကြွယ်ဝစွာပါဝင်သဖြင့်ဆေးဖက်ဝင်ဓာတ်စာများပင်ဖြစ်ပါသည်။မှန်သမျှကို လေစာဟုပြောဆိုလေ့ရှိကြသည်။ဝါယောဓာတ်ကိုလည်း လေဓာတ်ဟု မြန်မာမှုပြုထား ကြသည်။

လေ၏သဘောသဘာဝကို ထုထည်အကြီး အသေး၊ သိပ်သည်းဆ အများအနည်းတို့ဖြင့် နားလည် ထားရန် လိုအပ်ပါသည်။လေသည် အပူဓာတ်နှင့်ပေါင်း စပ်သည့်အခါတွင် ပွလာသဖြင့် ထုထည်ကြီးမားလာ တတ်လိမ့်မည်။ ပေါ့လာသဖြင့် အပေါ်သို့ ဆန်တက် ခြင်း၊ ဘေးဘယ်ညာသို့ ကန်ထွက်ခြင်းတို့ ဖြစ်လာနိုင်သည်။

လေသည် အအေးဓာတ်နှင့် ပေါင်းစပ်သော အခါ ကျစ်လျစ်သိပ်သည်းသွားသဖြင့် ထုထည်ကြုံ့သွား တတ်လိမ့်မည်။ လေးလံလာသဖြင့် အောက်သို့စုန်ဆင်း သက်လျှောခြင်း ဖြစ်တတ်ပါသည်။ လူ့ခန္ဓာကိုယ်တွင် လေ၏ အခြင်းအရာများကို ခြောက်မျိုးတွေ့ရှိရသည်။

ထက်ဆန်လေ၊ အောက်စုန်လေ၊ ရင်ခေါင်းတွင်း အောင်းလေ၊ အစာအိမ်နှင့် အူမကြီးတွင်းအောင်းလေ၊ အင်္ဂါကြီးငယ်တို့ကို အကွေးအဆန့်ဖြစ်စေသောလေ၊ ထွက်သက်ဝင်သက်လေတို့ ဖြစ်ကြသည်။

ထိုလေ ခြောက်မျိုးကိုပင် အနုစိတ်ထပ်ခွဲပါက လေမျိုး(၈ဝ) ရှိသည်ဟု ဗိန္ဓောဆေးကျမ်းများတွင် ပြဆိုထားကြ သည်။လေအထက်ဆန်ခြင်းနှင့်ပတ်သက်၍ ဆံံပင်ကျွတ် ခြင်း၊ ခေါင်းမူးဝေခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိ အခိုးဝေခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကြို့ထိုးခြင်း၊ သန်းဝေခြင်း၊ နားလေထွက်ခြင်း၊ လေချဉ်တက်ခြင်း စသည်ဖြင့် လေဆန်ခြင်းလက္ခဏာသည်ပင် အမျိုး ပေါင်း (၃ဝ)ခန့် ပြဆိုထားသည်ကို တွေ့ရသည်။

အထက်ပါလက္ခဏာများသည် ဝါယောဓာတ် အားနည်းခြင်း လက္ခဏာဖြစ်သည်။ ထုထည်ပွလာခြင်း ကို ဝါယောဓာတ်အားကောင်းသည်ဟုမဆိုရပါ။ကျစ်လျစ်သိပ်သည်းမှုရှိခြင်းကိုသာဝါယောဓာတ်အားကောင်းသည်ဟုဆိုရပါသည်။

အခါးဓါတ်ပါသောအသီးအရွက်များကိုချက်ပြုတ်စားနည်း

အခါးဓာတ်အားကောင်းသော ကြောင်လျှာ၊တမာ၊ရဲယိုအသီးအရွက်များတွင်အပူဓာတ်ပါ အားကောင်းသဖြင့်အစားမတော်ပါကလေထိုးလေအောင့်ဖြစ်ခြင်း၊အကြောတက်ခြင်း၊ခေါင်းမူးခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်။

အပူဓာတ်နည်းပါးသော ကြက်ဟင်းခါးသီးကို ပင် ဆီများများနှင့်ကြော်စားခြင်း၊ငရုတ်သီးအပူအစပ်နှင့် တွဲစားခြင်း၊ လက်ဖက်ချဉ်စပ်နှင့်အကြော်စုံစားခြင်း ပြု လုပ်ပါက အထက်ဆန်လေလွန်ကဲပြီး နေထိုင်မကောင်း ဖြစ်လာတတ်သည့်အတွက်’လေစာတွေမစားနဲ့၊လေ ထိုးလေအောင့်ဖြစ်လိမ့်မယ်’ဟုပြောဆိုတားမြစ်တတ်ကြသည်။

ထို့ကြောင့်လည်းအခါးအစားနည်းခြင်းဖြစ်ရပြန်ပါသည်။ဆေးဖက်ဝင်သောအခါးစားနည်း၊အသုံးပြုနည်းများခွေးတောက်၊မဲဇလီ၊ပေါက်ပန်းဖြူတို့ကိုဟင်းရည်ချက်သောက်ပါ။ကြက်ဟင်းခါးသီးကို နှပ်စား၊ ချက်စား ပြုတ် တို့စားပါ။

မုန်ညင်းစိမ်းကို မန်ကျည်းမှည့်ဖြင့် ချဉ်ရည် ဟင်းချက်သောက်ပါ။ ရေစပ်စပ်ကြော်စားပါ။ကနဖော့၊ ဂန့်ဂလာတို့ကို ပြုတ်တို့ပါ။ ပြုတ်ရည်ဖြင့်ရေပတ်တိုက်ခြင်း၊ရေချိုးခြင်းပြုလုပ်ပါ။ငါးရံ့ပတူရွက်၊ ကတက်ရွက်၊ မလွှပွင့်၊သခွတ်ပွင့်တို့ကိုပြုတ်ပြီးသုတ်စားပါ။

ရှားစောင်းလက်ပတ်ကို မန်ကျည်းမှည့်နှစ်၊ ထန်းလျက်တို့ဖြင့် ချက်ဆေးချက်စားပါ။လက်ဖက်ကိုဆားနှင့်နယ်ပြီးအဖန်ကုန် အောင်ညှစ်ကာဆီအနည်းငယ်စိမ်ပြီးအကြော်လွတ်၊ ငရုတ်သီးလွတ်စားပါ။ရေနွေးကြမ်းကို လက်ဖက်ခြောက်ခါးခါးခပ်ပြီးဆားအနည်းငယ်ထည့်သောက်ပါ။

ပဲစင်းငုံဟင်း ချက်စားပါ။ပဲဟင်းရည်တွင် ရှမ်းဆေးခါးမှုန့်ခပ်သောက်ပါ။ကော်ဖီမှုန့်ကို ထန်းလျက်ဖြင့် နို့ဆီလွတ်ခါးခါး ဖျော်သောက်ပါ။သနပ်ခါးရည်ကျဲ၊ ကရမက်ရည်ကျဲဖြင့် တစ် ကိုယ်လုံး လိမ်းပေးပါ။အပူကြီးကြီး ဖျားနာလျှင် သနပ်ခါးရည်ကျဲ တွင် ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးရွက် သတ္တုရည်တစ်ဇွန်းခန့်စပ်ပြီး ခြေဖမိုးမှ အပေါ် သို့ တက်လိမ်းပါ။

ဝမ်းချုပ်လျှင် အခါးများများနှင့် မန်ကျည်းမှည့်် ချဉ်ရည်ဟင်း တွဲစားပါ။အခါးဓာတ်သည်ရောဂါပိုးတချို့ကိုသတ်နိုင်စွမ်းရှိသကဲ့သို့အဆီဓာတ်ကိုလည်း ခြေဖျက်နိုင်စွမ်းရှိပါသည်။ပွေး၊ဝဲ၊ယားနာများကိုအခါးရွက်သတ္တုရည် ‘တို့’လိမ်းပေးသင့်ပါသည်။အဝလွန်သူများအချိုအဆိမ့်လျှော့စားပြီးအခါးပိုစားလျှင်အဆီကျအသားကျစ်လာပြီးသွက်သွက်လက်လက်သွားလာလှုပ်ရှားလာနိုင်မည် ဖြစ်ပါသည်။

အထက်ဖော်ပြပါများအတိုင်း အခါးအရသာနှင့်ပတ် သက်၍ ဆောင်ရန်ရှောင်ရန်များကို တိကျစွာ လိုက်နာ ဆောင်ရွက်ပေးလျှင် မုချဆေးဖက်ဝင်ပြီး ကျန်းမာ ပကတိ၊ ချမ်းသာစွာရှိမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

ဆရာဦးကျော်မြင့်၏ ဆေးနှင့်ဘေး စာအုပ်မှ ကောက်နှုတ်ချက်

ပင်လုံစာပေ

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *