ပြည်တွင်းရွှေစျေးကွက်အတွက် ဗဟိုဘဏ်မှထုတ်ပြန်ချက်အသစ်

ပြည်တွင်းရွှေစျေးကွက်အတွက် ဗဟိုဘဏ်မှထုတ်ပြန်ချက်အသစ်

ပြည်တွင်းရွှေဈေးကွက်ထဲမှာနိုင်ငံတကာအဆင့်မီအလေးချိန် စံချိန်စံနှုန်းတွေသတ်မှတ်ရေးနဲ့ အရည်အသွေး ဆိုင်ရာသတ်မှတ်ရေးအတွက်လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ဗဟိုဘဏ်ကဦးဆောင်ပါဝင်တဲ့ ရွှေ နဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီဟာပြည်တွင်းရွှေဈေးကွက်နဲ့ပတ်သက်ပြီးရွှေဈေးသတ်မှတ်ပုံ၊ စံချိန်စံနှုန်း အရည်အသွေးနဲ့ ရွှေသန့်စင်ထုတ်လုပ်မှုကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ရွှေဈေးနှုန်းတွက်ချက်မှုဟာ ကမ္ဘာ့ရွှေဈေးကွက်ထဲမှာ အရောင်းအဝယ်ပြုလုပ်နေတဲ့ စံသတ်မှတ်ထားတဲ့ အလေးချိန်တွက်ချက်မှု၊ရွှေသန့်စင်မှု၊ အရည်အသွေးတွေစနစ်တကျတွက်ချက် အခြေခံထားတာမရှိဘဲ အိမ်နီးချင်းနိုင်ငံတွေမှာနေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်း၊ ကမ္ဘာ့ရွှေဈေး၊

ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ တရုတ် ယွမ်ဈေး၊ ကောလာဟလသတင်းတွေနဲ့ ရွှေဈေးနှုန်း အမျိုးမျိုး သတ်မှတ်နေတာကိုတွေ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာ့ရွှေကို နိုင်ငံခြားကို တင်ပို့ရောင်းဝယ်ခြင်းပြုလုပ်ရာမှာ ပိုမိုထိရောက်စေဖို့

ပြည်တွင်းမှာဝယ်ယူရင်းနှီး မြှုပ်နှံသူတွေ စိတ်ချရတဲ့ အရည်အသွေးစံသတ်မှတ်ချက်တွေ၊အလေးချိန် စံသတ်မှတ်ချက်တွေသတ်မှတ်နိုင်ရေးတွေကိုဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ဒါ့အပြင်လိုင်စင်မရှိဘဲရောင်းဝယ်မှုတွေကိုဥပဒေနဲ့အညီ အရေးယူနိုင်ရေး၊

ဈေးကစားလိုတဲ့ ရည်ရွယ်ချက်နဲ့ရောင်းဝယ်မှုတွေ ပပျောက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ပြည်တွင်းရွှေဈေးကွက်အတွက်အခြေခံကျတဲ့ နိုင်ငံတကာအဆင့်မီအလေးချိန် စံချိန်စံနှုန်းတွေသတ်မှတ်ရေး၊ရွှေဈေးနှုန်းတွက်ချက်တဲ့နည်းစနစ်တွေနဲ့အရည်အသွေးဆိုင်ရာ သတ်မှတ်ရေးအတွက် လုပ်ငန်း အဖွဲ့တွေ ဖွဲ့စည်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Facebook Comments Box