ဂျပန်နိုင်ငံသို့ မြန်မာ့ရွှေတင်ပို့ရန် ကမ္ဘာ့ရွှေစျေးအနေအထားကိုစောင့်နေတာဖြစ်ပြီး သင်္ကြန်ကာလတွင်ဖြစ်နိုင်သည့် ပြည်တွင်းစျေးကွက်အခြေအနေ

ဂျပန်နိုင်ငံသို့ မြန်မာ့ရွှေတင်ပို့ရန် ကမ္ဘာ့ရွှေစျေးအနေအထားကိုစောင့်နေတာဖြစ်ပြီး သင်္ကြန်ကာလတွင်ဖြစ်နိုင်သည့် ပြည်တွင်းစျေးကွက်အခြေအနေ

ဂျပန်နိုင်ငံကိုမြန်မာ့ရွှေတင်ပို့ဖို့ကမ္ဘာ့ရွှေဈေးအကျကိုစောင့်ဆိုင်းနေဆဲဖြစ်ပြီးပြည်တွင်းမှာ တွင်း ရွှေ အထွက်များချိန်ဖြစ်လို့သင်္ကြန်ကာလ ရွှေဈေးနဲ့ ရွှေအရောင်းအဝယ်ဆက်အေးမယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှသိရပါတယ်။

“ဂျပန်ကိုရွှေပို့ဖို့ကနှစ်ဖက်တော့ဆွေးနွေးပြီးပြီ။ဒါပေမယ့်ဆွေးနွေးတာမပြတ်တာလေးတွေရှိတယ်။ကမ္ဘာ့ရွှေဈေးကျမှဟိုဘက်ရောဒီဘက်ရောအဆင်ပြေမှာ။ကမ္ဘာ့ရွှေဈေး ၁၆၀၀ နဲ့ ၁၇၀၀ ကြားလောက်ဆိုရင်တော့အရောင်းအဝယ်ပြန်ဖြစ်သွားမှာ။အခုကတော့ကမ္ဘာ့ဈေးကိုစောင့်ကြည့်နေတဲ့အနေအထားပါ”လို့ YGEA ဥက္ကဌ ဦးမျိုးမြင့်ပြောပါတယ်။

ဂျပန်နိုင်ငံကို မြန်မာ့လက်မှုရွှေထည်တွေတင်ပို့ဖို့ ဂျပန်ကုမ္ပဏီတစ်ခုက ရန်ကုန်ရွှေအသင်းထံ ဖေဖော်ဝါရီ ၁၅ ရက်ကလာရောက်ဆွေးနွေးမှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။လက်ရှိ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၈၀၀ ကျော်မှာရှိနေတာဖြစ်ပြီးဂျပန်နိုင်ငံဘက်ကလည်းကမ္ဘာ့ရွှေဈေးထပ်ကျနိုင်တယ်လို့ ခန့်မှန်းတဲ့အတွက်စောင့်ကြည့်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင်“သင်္ကြန်ကာလလည်းအရောင်းအဝယ်အေးမှာပဲ။အခုတွင်းတွေကရွှေတအားထွက်တဲ့အထွက်ကောင်းတဲ့အချိန်ဖြစ်နေတယ်။ဈေးကွက်ထဲရွှေကပိဿာချိန် ၅၀ လောက်ဝင်တယ်။တွင်းရွှေရော အထည်ပျက်ရောပဲ။အထည်ပျက်ကများတယ်။ပုသိမ်၊မော်လမြိုင်၊မန္တလေးတို့ကလည်းအထည်ပျက်တွေဆင်းလာတာပဲ။

ငွေဖော်တာကရန်ကုန်တစ်ခုပဲ ဖြစ်နေတာ။ရွှေဈေးကွက်ကလောလောဆယ်တော့အေးတယ်။ကမ္ဘာမှာက ဒေါ်လာဈေးတက်ပြီးရွှေဈေးပြန်ကျတယ်။ပြည်တွင်းမှာကတော့ဒေါ်လာဈေးမတက်ဘဲပုံမှန်အတိုင်းဖြစ်နေတယ်။ကမ္ဘာ့ရွှေဈေးကျတော့ပြည်တွင်းရွှေဈေးလည်းလိုက်ကျတဲ့ သဘောပါ”လို့ ဦးမျိုးမြင့်ကပြောပါတယ်။

လက်ရှိ ပြင်ပရွှေဈေးကကျပ် ၂၈ သိန်းကျော်မှာရှိနေပြီး နှစ်စပိုင်းကစလို့ အဲ့ဒီဈေးတန်းမှာပဲရှိနေကာ ဈေးအတက်မှာအရောင်းအဝယ်ငြိမ်နေတဲ့အနေအထားဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မတ်လ ၇ ရက်နေ့ YGEA က ထုတ်ပြန်တဲ့ကမ္ဘာ့ ရွှေဈေးကတစ်အောင်စကို ၁၈၄၈ ဒေါ်လာဖြစ်ပြီး ရွှေရည်ညွှန်းဈေး မီးလင်းရွှေတစ်ကျပ်သား ၂၁၇၇၁၀၀ ကျပ်ဖြစ်ကာ ယနေ့ပြင်ပရွှေပေါက်ဈေး အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈၄၀၀၀၀/- ကျပ်နှင့် ၁၅ ပဲရည်စျေးနှုန်းမှာ ၂၆၇၀၀၀၀/- ကျပ်မှာရှိနေပါတယ်။

Facebook Comments Box