နေမရှိ၊ လမရှိ ၊ကောင်းကင်မရှိ ဘဲ နေ့ ၊ ည မခံစားရသည့် ထူးဆန်းသည့် မြို့တော်
ကမ္ဘာမြေကြီးရဲ့အောက်အတွင်းထဲမှာလူတွေသွားလာလှုပ်ရှားနေတဲ့မြို့တော်တွေကိုတော့ပရိသတ်ကြီးအနေနဲ့ရုပ်ရှင်တွေထဲမှာသာမြင်ဖူးကြမယ်လို့ထင်ပါတယ်။ဒါပေမယ့်လည်းတကယ့်အပြင်ကမ္ဘာမှာ မြေကြီးအောက်အတော်နက်နက်ကိုတူးပြီးလိုဏ်ခေါင်းထဲမှာအိမ်ဆောက်နေထိုင်ကြသူတွေအမှန်တကယ်ရှိတယ်လို့သိရပါတယ်။




ဒါဟာ တကယ့်ကိုမယုံနိုင်စရာကိစ္စတစ်ခုပါပဲ။ပထမဆုံးအနေနဲ့ မြင်တွှေ့ရမယ့်မြင်ကွင်းကမြေကြီးအောက်မှာလူနေအိမ်တွေသာမကဘဲဟိုတယ်တွေ၊စားသောက်ဆိုင်တွေ၊ရုပ်ရှင်ရုံတွေ၊ဆံပင်ညှပ်ဆိုင်တွေ၊ရေကူးကန်တွေပါရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။မြေကြီးအောက်ကအိမ်ဆိုပြီးအထင်မသေးတော့ မသေးလိုက်နဲ့နော်။
ဘာလို့လဲဆိုတော့ဒီမြေအောက်မြို့တော်ကအိမ်တွေထဲမှာအခုပုံတွေထဲမှာမြင်ရတဲ့အတိုင်းခမ်းခမ်းနားနား၊လှလှပပအိမ်ကြီးတွေလည်းပါဝင်နေလို့ပဲဖြစ်ပါတယ်။




(၁)ကူဘာပီဒီး Coober Pedy (သို့မဟုတ်) တွင်းအောင်းလူဖြူ
ကူဘာပီးဒီးမြို့ဟာသြစတြေးလျတောင်ပိုင်းမှာရှိပါတယ်။ကူဘာပီဒီးမြို့မှာ စတင်နေထိုင်ကြတဲ့လူတွေရဲ့အများစုဟာသတ္တုတွင်းအလုပ်သမားတွေပါ။သူတို့တွေတော်တော်များများကဒေသခံလူမျိုးတွေ မဟုတ်ဘဲနောက်မှရောက်လာကြတဲ့လူဖြူတွေဖြစ်ပါတယ်။အစတုန်းကတော့သူတို့ဟာအိမ်နဲ့ဘာနဲ့ ဟန်ကျပန်ကျရယ်လို့မဟုတ်ပါဘူး။




သတ္တုတူးထားတဲ့ မိုင်းတွင်းဟောင်းတွေကိုအိမ်လုပ်ပြီးနေလိုက်ကြတာပါပဲ။သူတို့ အဲသလို မိုင်းတွင်းတွေကိုအိမ်လုပ်ပြီးတွင်းအောင်းနေကြတော့သြစတြေးလျဒေသခံတိုင်းရင်းသားတွေကသူတို့ကို ကြည့်ပြီး ပြုံးလေ့ရှိပါတယ်။သူတို့နေတဲ့ မြို့ကိုလည်းကူဘာပီးဒီးလို့ နာမည်ပေးလိုက်ပါတယ်။ကူဘာပီးဒီးဆိုတာ ဒေသခံတိုင်းရင်းသားတွေရဲ့ဘာသာစကားပါ။




တွင်းအောင်း လူဖြူ လို့ အဓိပ္ပာယ်ရပါတယ်။သူတို့တွေကအစတုန်းကတော့မိုင်းတွင်းလိုဏ်ခေါင်းတွေကိုပဲအိမ်လုပ်ပြီး နေခဲ့ကြပါတယ်။နောက်ပိုင်းအခြေတကျနေထိုင်လာကြတဲ့အခါ အိမ်အကောင်းစားတွေနဲ့ ခန့်ခန့်ညားညား၊သားသားနားနား ပြင်ဆင်နေထိုင်လာပါတယ်။လူအများအပြား နေထိုင်လာတာနဲ့အမျှ အိမ်တွေသာ မကဘဲ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ၊ ရေကူးကန်တွေ၊ ဘုရားရှိခိုးကျောင်းတွေပါ ရှိလာကြတာဖြစ်ပါတယ်။
(၂)ကူဘာပီးဒီးမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

ဒီတော့ သူတို့နေရာဟာတခြားမြို့တွေလိုပဲမြို့အင်္ဂါ စုံစုံလင်လင်နဲ့ ဖြစ်လာပါတယ်။ဒါပေမယ့်တခြားမြို့တွေလိုနေဝင်ဆည်းဆာ အလှတို့မနက်အရုဏ်တက်ရှုခင်းတို့တော့မမြင်ရဘူးပေါ့။မြို့ထဲမှာဖြတ်စီးနေတဲ့စမ်းချောင်းလေးတို့၊တောအုပ်တို့၊ကျေးငှက်လေးတွေ တေးဆိုနေတာတို့တော့မရှိဘူးပေါ့။သူတို့မြို့ဟာနေမရှိ၊လမရှိ၊ ကောင်းကင်မရှိတဲ့မြို့ပါ။
စမ်းချောင်းမရှိ၊ တောအုပ်မရှိ၊ ကျေးငှက်ကလေးတွေ မရှိတဲ့မြို့ပါ။ဒါပေမယ့် သူတို့ရဲ့ လှပသန့်ပြန့်တဲ့ အိမ်ကလေးတွေဟာ အိပ်ခန်း (၅) ခန်းပါတဲ့ အိမ်တအိမ်ဆိုရင်ဒေါ်လာ (၂) သောင်းခွဲလောက် တန်ကြေး ရှိပါတယ်။ တချို့အိမ်တွေဆိုရင် အိမ်ထဲမှာတွင် ရေကူးကန်တွေ ဘာတွေ တောင် ပါတယ်လို့ သိရပါတယ်။
(၃)ကူဘာပီးဒီးမြို့ မြေကြီးအောက်မှာ တည်ဆောက်ထားတဲ့ Desert Cave Hotel

ဒါကကူဘာပီးဒီးမြို့ကဟိုတယ်တခုရဲ့ပုံဖြစ်ပြီး ဟိုတယ်နာမည်ကို Desert Cave Hotel (ကန္တာရဂူ ဟိုတယ်) လို့ခေါ်ပါတယ်။ဘာလို့ ကန္တာရဂူလို့နာမည်ပေးသလဲဆိုတော့ကန္တာရထဲကလိုဏ်ဂူအတွင်းမှာ အဲဒီဟိုတယ်ကိုဆောက်ထားတာကြောင့်ဖြစ်ပါတယ်။ကူဘာပီးဒီးမြို့ ရှိတဲ့နေရာဟာ လွင်တီးခေါင်ပြင် ကန္တာရကြီးပါ။
နွေရာသီမှာ ဆိုရင် အပူချိန်ဟာ ၅ဝ ဒီဂရီ စင်တီဂရိတ်အထိ မြင့်ပြီး ဒါဟာနေရောင်အောက်က ကျောက်တုံးပေါ်မှာကြက်ဥကြော်လို့ရတဲ့အပူချိန်ဆိုလည်းမမှားပါဘူး။မြေပေါ်မှာဒီလိုအပူချိန် ရှိနေပေမယ့်မြေအောက်မှာဆိုရင်အပူချိန်က ၂၅ ဒီဂရီ စင်တီဂရိတ်ပဲရှိပါတယ်။မြေကြီးပေါ်မှာ နွေ၊မြေကြီးအောက်မှာ ဆောင်းဆိုသလိုမျိုးလည်း ဖြစ်ပါတယ်။

ဒီတော့ သတ္တုတွင်းတူးတဲ့မိုင်းလုပ်သားတွေဟာ ပူပြင်းတဲ့ မြေကြီးပေါ်မှာ မနေကြ တော့ဘဲ မြေကြီးအောက်ကသူတို့သတ္တုတူးထားတဲ့ လိုဏ်ခေါင်းကြီးတွေထဲမှာပဲနေကြပါတော့တယ်။ ဒါကသူတို့မြေကြီးအောက်မှာနေကြရခြင်းအကြောင်းရင်းတွေထဲကတစ်ချက်လည်းဖြစ်ပါတယ်။မြေကြီးအောက်မှာ နေရခြင်းနောက်ထပ်အကြောင်းတစ်ချက်ကိုဖော်ပြရမယ်ဆိုရင်တော့သစ်ကြီးဝါးကြီးရှားပါးလွန်းလို့ပဲဖြစ်ပါတယ်။
အလွန်ပူလောင်တဲ့ ရာသီဥတုကြောင့် သစ်ပင်မပေါက်တော့ အိမ်ဆောက်ဖို့ရာ သစ်ဈေးနှုန်းက အင်မတန် ကြီးလှပါတယ်။ဒါ့ကြောင့်လည်း သူတို့ဟာ အသင့်ရှိပြီးသား လိုဏ်ခေါင်းတွေကို ပြုပြင်ပြီး အိမ်ဆောက် နေထိုင်ကြတဲ့ နည်းလမ်းကို ရွေးချယ် အသုံးပြုလာကြတာလို့ သိရပါတယ်။ ကူဘာပီးဒီးရဲ့ နောက်ဆုံး သစ်ပင်ကြီးဟာ ၁၉၇၁ နှစ် ခုနှစ်မှာ သေသွားခဲ့တယ်လို့ လည်းသိရပါတယ်။

(၄)အကောင်းဆုံးအိုပယ်ထွက်တဲ့မြို့
ကူဘာပီးဒီးမြို့က သတ္တုတွင်းတွေမှာ ရွှေနဲ့ ကျောက်မျက်ရတနာ အမျိုးမျိုး တူးဖော်ရရှိပါတယ်။ သူတို့တွင်းထွက်တွေ အနက် နာမည် အကြီးဆုံးကတော့ အိုပယ်ကျောက် ဖြစ်ပါတယ်။မြန်မာလို မဟူရာဖလား သို့မဟုတ် ကြောင်ကျောက်လို့ ခေါ်ကြပါတယ်။ လှပတဲ့ ကျောက်အကြည်လေးတွေ ဖြစ်ပြီး လက်ဝတ်ရတနာပစ္စည်းတွေမှာ ထည့်သွင်းဝတ်ဆင်ကြပါတယ်။
ကူဘာပီးဒီးမှာ အိုပယ်ကိုပထမဆုံးရှာတွေ့ခဲ့တာက ၁၉၁၅ ခုနှစ်မှာဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံတော်တော်များများမှာမြေအောက်ရထားလမ်း၊မြေအောက်ကားလမ်း၊မြေအောက်ပလာဇာ၊မြေအောက်ဈေးဆိုင်၊ မြေအောက်ရုပ်ရှင်ရုံ၊မြေအောက်ပြတိုက်ကြီးတွေရှိကြပါတယ်။ဒါပေမယ့် မြေအောက်မြို့ကတော့ သိပ်များများစားစား မရှိပါဘူး။

တူနီးရှားနိုင်ငံ ဆာဟာရသဲကန္တာရတောင်ပိုင်းကဘာဘာလူမျိုးတွေရဲ့ ကျေးရွာတွေဟာလည်း မြေကြီးအောက်မှာ တည်ဆောက်ထားကြပါတယ်။သူတို့ကလည်းပြင်းထန်လွန်းတဲ့အပူချိန်ကိုရှောင်ဖို့နဲ့သစ်ဝါးရှားပါးမှုတို့ကြောင့်မြေကြီးအောက်မှာအိမ်ဆောက်နေထိုင်ကြတာပါ။တူရကီနိုင်ငံကက်ပယ်ဒိုခီးယားမှာလည်း လူတွေဟာမြေကြီးအောက်မှာတောင်စောင်းမှာလိုဏ်ခေါင်းတွေ ပြုလုပ်နေထိုင်ကြပါတယ်။
အခုချိန်ထိလည်းနေထိုင်ကြဆဲဖြစ်ပါတယ်။အီရန်နိုင်ငံမှာလည်းကျောက်ဆောင်တွေကိုထွင်းဖောက် အိမ်ဆောက်ပြီးနေထိုင်ကြသူတွေရှိပါတယ်။ဂျပန်နိုင်ငံမှာတော့မြေနေရာရှားပါးလွန်းပြီးလူဦးရေ အဆမတန်ထူထပ်ကျပ်တည်းနေတဲ့ပြဿနာကိုဖြေရှင်းဖို့တိုင်ဆေးကော်ပိုရေးရှင်းကအဲလစ်ဆိုတဲ့ နာမည်နဲ့မြေအောက်မြို့တော်တည်ဆောက်ဖို့အဆိုပြုထားတာရှိပါတယ်။

အဲဒီမြို့တည်ဆောက်ဖို့အတွက်ကနဦးတည်ဆောက်စရိတ်ဒေါ်လာ ၄ ဘီလျံခွဲ ကုန်မှာဖြစ်ပြီးအဲဒီမြို့မှာ လူဦးရေ ၁ သိန်းနေမယ်လို့ခန့်မှန်းထားပါတယ်။ဒီတော့ အနာဂတ်မှာလူတွေဟာမြေကြီးအောက် အိမ်ဆောက်နေထိုင်ကြတာတွေ၊မြေအောက်မြို့တော်တွေတည်ဆောက်နေထိုင်ကြတာတွေပိုများလာလိမ့်မယ်လို့တစ်ချို့ကမှန်းဆကြပါတယ်။
ကဲ ပရိသတ်ကြီးရော ဒီလို နေမရှိ၊ လမရှိ၊ ကောင်းကင် မရှိတဲ့ မြို့တွေမှာ နေချင်ကြရဲ့လားဆိုတာ Comment မှာ ရေးပေးသွားပါနော်။
ခရက်ဒစ်