မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်တည်ထောင်ခဲ့သူ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်တည်ထောင်ခဲ့သူ

(၁၉၀၀)ပြည့်နှစ်ဝန်းကျင်ကပင်အိန္ဒိယရူပီးငွေသိန်းတစ်ရာခန့်ရင်းနှီးမြှုပ်နှံထားသည့် ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်လုပ်ငန်းကိုတည်ထောင်ခဲ့သူ၊သူ့ခေတ်သူ့အခါကရခိုင်ပြည်နယ်တွင်အချမ်းသာဆုံးလုပ်ငန်းရှင်၊သူ့လက်နှင့်ထိသမျှငွေဖြစ်သည်ဟုတင်စားပြောခံရသူ၊အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍သူဌေးဘွဲ့နှင့်ကျက်သရေဆောင်ရွှေစလွယ်ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

ကျောင်းသင်ပညာမရှိသော်လည်းထူးခြားသောဇွဲလုံ့လဝီရိယတီထွင်ဉာဏ်နှင့် ပြည့်စုံ၍လှေထိုးသားဘဝမှစီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ၊သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့်လှော်တက်ကို ရွှေချလျက်အိမ်တွင်ချိတ်ဆွဲထားသူ၊ထူးခြားမှုတစ်ရပ်မှာအများအကျိုးအတွက် နေ့စဉ်နံနက် ၄ နာရီအိပ်ရာမှထကာလက်ဆွဲမီးအိမ်ကိုင်ကုလားတပည့်ကလေးနှင့်အတူ မြို့ကိုလှည့်၍

အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေမျှောနေသည်၊ ဆယ်ယူကြလော့ဟု ဆော်ဩလေ့ရှိသူစသည့်ကောင်းသတင်းအဖုံဖုံနှင့် ပြည့်စုံသောစွန့်စားတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ပင်းဝါမြို့အနီးပဲတလီကျေးရွာ၌ဖွားသည်။အဖမှာ ရခိုင်တိုင်းရင်းသားဦးဒိုးအောင်ကြွယ်ဖြစ်၍

ညီအစ်ကို ၄ ဦးတွင်တတိယမြောက်ဖြစ်သည်။အစ်ကိုရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။ အရွယ်ရောက်လျှင်ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာကြသည်။မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံပြန်သွား၍ တစ်ဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကိုလုပ်ကိုင်ခဲ့သည်။

ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာသူဌေးကြီး ဦးသံခြွီ၏ကုန်ရောင်းလှေတွင်လှေထိုးသားအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသား မောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီကသမီးဖြစ်သူမသံဒါဖြူ နှင့်လက်ထပ်ပေးခဲ့သည်။လက်ထပ်ပွဲပြီးနောက်ရရှိသောမင်္ဂလာလက်ဖွဲ့ရတနာရွှေငွေများကိုယောက္ခမ၏ အလုပ်တွင် ရှယ်ယာအဖြစ်ပြန်လည်အပ်နှံ၍

စီးပွားရေးကို ဇောက်ချ လုပ်ကိုင်ခဲ့သည်။သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူး လှေသမ္ဗန်များမှ မြစ်သဲရှင်ဝယ်ယူမှုလုပ်ငန်း၊စစ်တွေမြို့အနီးမြေရိုင်းများ ဝယ်ယူမြှုပ်နှံမှုလုပ်ငန်း၊မြေငှားလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေး၊ဗျိုင်းတောင်၊ဗျိုင်းမွှေးရောင်းဝယ်ရေးလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ကိုင်ခဲ့ရာထိုခေတ်ထိုအခါက ရခိုင်ပြည်နယ် စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှ တက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူ လယ်သမားများအပေါ် စာနာမှု ရှိသည်။ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊စတီးဘရားသား၊ ဘလုတ်ဘရားသား စသည့် နိုင်ငံခြား ကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍ ရခိုင်တောင်သူလယ်သမားများမနစ်နာစေရန်စပါးဈေးကိုပိုမိုပေးခဲ့သည်။ဦးရဲကျော်သူ၏စီးပွားရေး လုပ်ငန်းများအနက်

စစ်တွေမြို့ ၌ ဖွင့်လှစ်ခဲ့သည့် ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက် လုပ်ငန်းသည် အထင်ရှားဆုံး ဖြစ်သည်။ဤလုပ်ငန်းတွင်ကုမ္ပဏီရှယ်ယာပိုင်ဆိုင်သူများထံမှအပ်ငွေနှင့်ထုတ်ငွေများကို ချက်လက်မှတ်စနစ်သုံး၍ ငွေချေးခြင်း၊ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကိုဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင်ပထမဦးဆုံးဘဏ်လုပ်ငန်းပိုင်ရှင်ဟုသတ်မှတ်ကြသည်။

ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီးငွေ သိန်းတစ်ရာကျော် ရှိသည်။ ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက် သားဖြစ်သူ ဦးရွှေသာသည် ၁၉၂၄ ခုနှစ် ဝန်းကျင်တွင် တရားဝင်ဘဏ်အဖြစ် စနစ်တကျ တည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ မသံဒါဖြူအင်ကုမ္ပဏီလီမီတက်ကိုခွဲခြားတည်ထောင်၍

အိမ်ငှားခ၊ မြေငှားခကောက်ခံသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။ဦးရဲကျော်သူ၏ အင်ကုမ္ပဏီလီမိတက်မှာ မြန်မာအမျိုးသားဘဏ် ဖြစ်ပြီး ဒုတိယဘဏ်မှာ ၁၉၂၆ ခုနှစ်တွင် မန္တလေးမြို့၌ ဖွင့်လှစ်သော မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းကတည်ထောင်သည့်(ဘီဘီအိုအေ)ဘဏ်ဖြစ်သည်။

ထိုစဉ်က ချစ်တီးကူလားများပိုင် ဘဏ်များ မြို့ ရွာအနှံ့ ရှိသော်လည်း စစ်တွေမြို့တွင် ဦးရဲကျော်သူ၏ ဩဇာအာဏာကြောင့်ချစ်တီးကူလားများကစစ်တွေမြို့တွင်ဘဏ်များဖွင့်လှစ်ရန်အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်းမည်သည့်ဘဏ်မှဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့်အိန္ဒိယအစိုးရကဖိတ်ကြား၍အိန္ဒိယသူဌေးများကိုချီးမြှင့်သည့်သူဌေးဘွဲ့နှင့်ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။

ဗြိတိသျှမြန်မာပြည် ကော်မရှင်နာ၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင် ဆောင်ရွက်ခဲ့ရသည်။စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ ကျောင်းဆောက် အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့သည်။အထင်ရှားဆုံးမှာ ကျောက်တော်ရှိမဟာမုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော်ကြီးတို့ ဖြစ်သည်။

ထိုစဉ်က ထင်ရှားသော လယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီး သားဖွားဆောင်ကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ယခုအခါ သံကျောင်း(သို့) ဦးရဲကျော်သူကျောင်းဟုအမည်တွင်သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင်ဆောက်လုပ်ရန်သစ်များဝယ်၍စီစဉ်ခဲ့သည်။

နောင်အခါ ဖခင်ကို ရည်စူး၍ သားသမီးများက သံထည်များဖြင့် တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကားခဲ့သည်။သား (၆) ဦးမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော် ၊ ဦးရွှေဘန်း၊ ဦးသာဇံ ၊ ဦးရွှေသာ နှင့် သမီး (၄) ဦးမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရွှင်ထီးမတို့ ဖြစ်ကြသည်။၎င်းတို့အနက် သား(၄)ယောက်မှာထင်ရှားသည်။

သားအကြီးဆုံး ဦးချန်ထွန်းမှာ အင်္ဂလန်တွင် ဥပဒေပညာ သင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်းမှ အောင်မြင်ခဲ့ကာနောင်အခါထင်ရှားသောဥပဒေပညာရှင်တစ်ဦးဖြစ်လာသည်။ဦးချန်ထွန်းကဲ့သို့ပင်သားများဖြစ်သောဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံတို့ကိုလည်းအင်္ဂလန်သို့စေလွှတ်၍ ဥပဒေပညာများ သင်ကြားစေခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃)ရက် အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများအတွက် အမွေအဖြစ် ရူပီးငွေသိန်း ၇၀ မျှ ကျန်ရစ်ခဲ့သည်။

မောင်ဇေယျာ ရေးသားသော မြန်မာလူကျော် ၁၀၀ (ပထမအုပ်)

Facebook Comments Box