မိုးဘယ်လောက်ရွာရွာ ရေတင်ကျန်နေခြင်းမရှိသည့် လူတွေမသိသေးသည့် ဗားကရာချောက်၏ နောက်ကွယ်ကအကြောင်း
ရန်ကုန်မြို့တော်ကြီးရဲ့ဗားကရာချောက်ရဲ့မိုးဘယ်လောက်ရွာရွာ မိုးရွာပြီးတာနဲ့ ရေတင်ကျန်မနေခဲ့ခြင်းအကြောင်းကိုတော့အချိန်အတော်ကြာလူပြောသူပြောများနေကြတာယနေ့တိုင်ပါပဲ။အင်္ဂလိပ်တွေ တည်ဆောက်သွားခဲ့တဲ့ ဗားကရာချောက်အောက်ကရေစုကန်၊လှိုင်မြစ်ထဲစီးဆင်းတဲ့လခြမ်းပုံအုတ်စီမြောင်း၊




ရေအဝင်အထွက်ထိန်းတဲ့လှိုင်မြစ်ဝကရေတံခါးပေါက်တို့ကိုဆက်လက်ထိန်းသိမ်းပြုပြင်ဖို့ကတော့ လိုအပ်နေတုံးပါပဲ။နှစ် ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ဒီဗားကရာချောက်ကကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းအမွေအနှစ်တခုလို့ မြင်မိပါတယ်။




ဗားကရာဆိုတဲ့ အမည်ဟာ “ဘာ့က်ရ်” မွန်အမည်ကဆင်းသက်လာတာဖြစ်ပြီးခရာတောဆူးခြုံတောပေါက်ရာချောက်ဟုအဓိပ္ပါယ်ရပါတယ်။ကြည့်မြင်တိုင်နဲ့ စမ်းချောင်းမြို့နယ် အစပ် ဗားကရာချောက် ဝန်းကျင်ဟာခရာပင်တွေ၊ဆူးခြုံတွေ၊ဒီရောက်ပင်တွေပေါက်ရောက်ရာဒီရေအတက်အကျ ရှိခဲ့တဲ့ နေရာကြီးပါ။




ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိတကယ့် စိမ့်ကြီး မြိုင်ကြီးတွေနဲ့။ခံတပ်မြို့တောင်လုပ်ခဲ့သေးဆိုပဲ။အဲ့ဒီတုန်းကတော့ အလောင်းမင်းတရားအုပ်ချုပ်နယ်အဖြစ်ရွှေတိဂုံကို မူတည် သတ်မှတ်ရာမှာ“အနောက်တောရကြီး” လို့ သတ်မှတ်ခဲ့တဲ့အရပ်ပေါ့။အနောက်တောရကြီးဆိုတာ ဗားကရာကိုအဓိကထားသတ်မှတ်ခဲ့တယ်လို့ အဆိုရှိပါတယ်။
အခုတော့ အလယ်တောရနဲ့ ကြားတောရလောက်ပဲ အသုံး ရှိတော့တယ်။ကျန်တောရတွေ ပျောက်သွားခဲ့ပါပြီ။ဗားကရာချောက်ဟာသဘာဝအလျောက် ဖြစ်ပေါ်လာခဲ့တဲ့ ချောက်တခုပါ။ လူလုပ်တဲ့ ချောက်တော့မဟုတ်ဘူး။ဒါကလည်း တချိန်တုန်းက သိင်္ဂုတ္တရကုန်းရဲ့ တောင်စွယ်က စမ်းချောင်း မြေနီကုန်းအထိ ရောက်ခဲ့တာကိုး။

မြေနီကုန်း ဆိုတာ ဟိုအရင်က တောင်ကမူတခုပဲ။ရန်ကုန်မြို့သစ် တည်ခဲ့တဲ့အချိန် ရန်ကုန်မြို့တွင်း အင်းတွေ အိုင်တွေ ချောက်တွေဖို့ဖို့ မြေနီကုန်းက မြေတွေ သယ်ထုတ်ရာက ကမူတွေ ကုန်းတွေ ပျောက်ပြီး အခုအခြေနေမျိုး အထိ ဖြစ်လာခဲ့တာ။မြေနီကုန်းက မြေတွေကိုသယ်ဖို့ အရင်ဆုံး ဟုမ်းလမ်းအထိ မီးရထားလမ်းကို အရင် ဖောက်ရတယ်လို့ ဆိုကြတယ်။
မြေနီကုန်းအရပ်ကနေ လှည်းတွေနဲ့ မြေနီတွေသယ်ပြီး ရထားရှိရာ ဟုမ်းလမ်းကို ပို့ရတယ်။ဟုမ်းလမ်းက တဆင့်ရထားတွဲတွေနဲ့သယ်ယူတယ်လို့ ဆိုပါတယ်။ “ဟုမ်းလမ်း” ဆိုတာအဲဒီရထားလမ်းဖောက်ခဲ့တဲ့အင်ဂျင်နီယာ Hume ရဲ့အမည်ပါ။နောက်အင်ဂျင်နီယာက Innis ဖြစ်တယ်။

ဒါကြောင့် ရထားလမ်းရဲ့ အနောက်ဘက်ပိုင်းကို အင်းနစ်လမ်းလို့ခေါ်ပြီး အရှေ့ဘက်လမ်းပိုင်းကို ဟုမ်းလမ်းလို့ ခေါ်ခဲ့ကြတာ။အခုတော့ အဲဒီလမ်းနှစ်ခုကို ပေါင်းပြီး ပန်းလှိုင်လမ်းရယ်လို့ ဖြစ်သွားရော။သူတို့နှစ်ယောက်လုံးကရထားလမ်းတည်ဆောက်ခွင့်ကန်ထရိုက်ရတဲ့ The Irrawady Velley State Railway Co. ရဲ့ ဦးဆောင်အင်ဂျင်နီယာပေါ့။
ရန်ကုန်ကနေ ပြည်မြို့အထိရထားလမ်းတည်ဆောက်ရာမှာအခက်အခဲဆုံးကတော့နာမည်ကျော် “ဗားကရာချောက်” ကြီးပဲလို့ဆိုသတဲ့။သူတို့ပြောမယ်ဆိုလည်းပြောချင်စရာ။ဘာလို့လဲဆိုတော့ ဗားကရာချောက်ရဲ့အနက်ကလှိုင်မြစ်ရေမျက်နှာပြင်ထက်အနိမ့်ပိုင်းမှာရှိနေတာ။ဒါ့အပြင်လှိုင်မြစ်ရဲ့ ဒီရေ အတက်အကျကလည်း သေသေချာချာ လေ့လာရသေးတယ်။

နွေမိုးဆောင်းမြစ်ရေမျက်နှာပြင်အခြေအနေတွေကိုပါကြည့်ရ၊တွက်ချက်ရတာ မဟုတ်လား။
ဗားကရာ ပတ်ဝန်းကျင်ရဲ့မြေအမျိုးအစားမြေမျက်နှာသွင်ပြင်ပါမကျန်လေ့လာပြီးမှဒီချောက်ကိုဘယ်လိုတီထွင် ဖန်တီးမလဲဆိုတဲ့အဆင့်ကိုရောက်တာ။မြေထိန်းနံရံတည်တဲ့အပိုင်းကလည်းအရေးကြီးတဲ့အစိတ်ပိုင်းတခု ဖြစ်လာပြန်တယ်။ဒါတွေစုံပြီ ဆိုတော့မှ Drainage System Design ကို စဉ်းစားရပြီ။ရထားလမ်း တည်တာက သိပ်မခက်ခဲ။ ချောက်ကို တံတားထိုးလိုက်ရင်ရပြီ။
ရန်ကုန်မှာ မီးရထားသံလမ်းတံတားအောက်က သွားတဲ့တံတား နှစ်စင်းပဲရှိတယ်။သန်လျင်နဲ့ သာကေတတံတား။နောက်တံတားကအခုဗားကရာပဲ။ရထားလမ်းအောက်က ကားလမ်း ဖောက်ထားတာ။ဗားကရာချောက်ကနေ ရေဆင်းပေါက်၊ ရေထုတ်ပေါက်။ လှိုင်မြစ်ထဲ ဘယ်လို ပို့မလဲ။ရေမဝပ်အောင် ဘာတွေစီမံပေးဖို့လိုမလဲဆိုတာတွေဟာလမ်းတံတားအင်ဂျင်နီယာရဲ့ကျွမ်းကျင်မှုနဲ့ ဦးနှောက် အသုံးချနိုင်စွမ်းပေါ်မူတည်နေပါတယ်။သူတို့ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။အရင်ဆုံး ခရာဆူးခြုံတွေ ရှင်းလင်းရမယ်။

ပြီးတာနဲ့ မြေမျက်နှာပြင် အနေအထားအရ ရေဆင်းကို ဘယ်နှစ်လက်မ အဆိုင်းထိ ထားမလဲ။ ချောက်ကနေ လှိုင်မြစ်ဝအထိ ရေဆင်းလိုင်းပေ ဘယ်လောက်ရှိလဲ။ရေဆင်းကိုတော့ ကားလမ်းအောက်မှာ လိုဏ်ခေါင်း တူးထားတာ တွေ့နိုင်တယ်။လိုဏ်အရှည်ဟာချောက်ကနေ မြစ်ဝအထိ ၁၂ဝဝ ပေ အရှည်ရှိတယ်။လိုဏ်ကိုတော့အုတ်တွေနဲ့ ပိုက်လုံးပုံသဏ္ဌာန်စီထားတယ်။
လိုဏ်ရဲ့အဝအကျယ်ဟာ အချင်းဝက် ၅ ပေ ရှိတယ်။ တူးထားစီထားတဲ့ လိုဏ်ခေါင်းဟာ မြစ်ဝရောက်တဲ့ အချိန်မှာအဖွင့်အပိတ်လုပ်လို့ရတဲ့ရေထိန်းသံတံခါးကြီးတချပ်ရှိပါတယ်။လှိုင်မြစ်ရေတက်တဲ့ မိုးရာသီလိုအချိန်မျိုးမှာ ရေထိန်းတံခါးကိုပိတ်ထားရင်လိုဏ်ထဲရေမဝင်နိုင်အောင်စီမံထားတာပါ။ဒါတွေပြီးတော့ မြေထိန်းနံရံတွေတည်ဆောက်တဲ့အပိုင်းရောက်တာ။

ဗားကရာမီးပွိုင့်ရဲ့ထောင့်လေးခုမှာ ရေဆင်းပေါက်တခုစီ ရှိတယ်။ လမ်းဘေးမြောင်းရဲ့အနက်က တပေနီးပါးလောက်ပဲ ရှိတယ်။ မီးပွိုင့် အလယ်ခေါင်မှာလိုဏ်ထဲ ဆင်းတဲ့ လူဆင်းပေါက်တခု ရှိတယ်။နောက်တပေါက်ကတော့ ဘောဂရပ်ကွက်ဘေးမှာ ရှိခဲ့ဖူးတယ်။ သံလှေကားနဲ့ ဆင်းရတာပါ။ အခုတော့အဲဒီသံလှေကားလည်း ရောင်းစားခံရတာပဲလား၊ ဆွေးသွားလေသလာမသိ။
အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီ။မြေအောက် ရေဆင်းလိုဏ်တွေဟာ ဗားကရာမှ မဟုတ်ဘူး။ ရန်ကုန်မြို့တည်ချိန်ကတည်းကမြို့တွင်းပိုင်းရှိအားလုံးသောရေဆင်းတွေဟာလိုဏ်တူးပြီး စီမံတည်ဆောက်ခဲ့တာ။အဲဒီအုတ်နံရံရဲ့မျက်နှာကျက်တွေမှာ ကြေးမီးဆိုင်းကြီးတွေ တပ်ဆင်ပြီး ၂၄ နာရီ မီးပေးထားတယ်လို့ အဆိုရှိတယ်။
နွေနှောင်းရာသီ ရောက်ပြီဆိုရင် မြူနီစပယ်လူကြီးက မြို့တွင်းရှိ အုတ်လိုဏ်ဂူတလျှောက် ဂျစ်ကားစီးပြီး လျောက်ကြည့်ရ၊ ကြီးကြပ်ရတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။နောက်ပိုင်းတော့ ကြေးမီးဆိုင်းကြီးတွေဟာကြေးဈေးကောင်းတော့ လူတွေခိုးရောင်းတာနဲ့မရှိတော့ဘူး။လိုဏ်ထဲဆင်းပြီး စစ်ဆေးတဲ့သူတွေလည်း မရှိတော့ဖူး ထင်ပါတယ်။
ဒီမှာ အရေးကြီးဆုံးနဲ့ ရေဆင်းလိုဏ်တို့ရဲ့လျှို့ဝှက်ချက်ကတော့လိုဏ်တွင်းမှာ ရေစုကန်တည်ဆောက်ပေးခြင်းပါပဲ။ဗားကရာချောက်အတွက် ရေစုကန်ကတော့ အလျား ၁ဝ ပေ၊ အနံ ၈ ပေနဲ့ အနက် ၆ ပေခန့် ရှိတယ်။ အဲ့ဒီရေစုကန်ထဲကို စီးလာသမျှ ရေတွေဝင်မယ်။ ရေစုကန်ကနေ ပိုလျှံတဲ့ရေတွေက ရေဆင်းလိုဏ်အတိုင်းစီးသွားတယ်။
ဒါမှ လမ်းပေါ် ရေဘယ်လောက်ရှိရှိ ပိုလျှံသမျှကို ရေစုကန်ကထိန်းပေးနေမှာပဲဖြစ်တယ်။တကယ်တော့ ရေစုကန်ဟာရေဆင်းရေထုတ်အတွက် အရေးပါတဲ့ တည်ဆောက်ချက် တခုပါပဲ။ ဒါကြောင့်လည်း ရန်ကုန်မြို့လမ်းထောင့်စုံတွေရဲ့မြေအောက်ရေဆင်းလိုင်းတွေမှာလူတကိုယ်အနက်ရှိတဲ့ ရေစုကန်တွေကို အင်္ဂလိပ်တွေက တည်ဆောက်ခဲ့တာပါ။
လေ့လာသူတွေရဲ့ တွေ့ရှိချက်အရတော့ ဗားကရာချောက် ရေနုတ်မြောင်းစနစ်ကို ၁၈၆၉ လောက်က တည်ဆောက်ခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ဗားကရာချောက်ကို မွမ်းမံ တည်ဆောက်ချိန်က ကိုးထပ်ကြီးဘုရားလို့ ခေါ်တဲ့ အတုလာဓိပတိမဟာမုနိသကျဘုရားကြီးတောင်မတည်ရသေးပါဘူး။ ကိုးထပ်ကြီးဘုရားက ၁၉ဝ၅ ခုနှစ်မှတည်တာ။
နောက်တခုက ရန်ကုန်မြို့ပတ်ရထားမရှိသေးဘူး။ရန်ကုန်မြို့ပတ်ရထားက ၁၈၇၇ ခုနှစ်လောက်မှ စတာကိုး။ဒါပေမယ့် ဗားကရာရထားလမ်းက နှစ်ခု ဖြစ်နေသလို ရထားအတွက် တံတားကလည်း နှစ်ခု တည်ထားတာ။ ကြည့်မြင်တိုင် – ရန်ကုန် ဓာတ်ရထားလိုင်းပြေးဆွဲနေပြီ။မြန်မာနိုင်ငံရဲ့ ပထမဆုံး ရထားပြေးဆွဲတာက ၁၈၆၉ ရန်ကုန် – ပြည်မီးရထားလမ်း ဆွဲနေပြီး ဒါကြောင့် ဗားကရာ တည်ဆောက်ချိန်ဟာ ဒါထက် စောမယ်လို့ ယူဆနိုင်ပါတယ်။
မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ် ပေးပါသည်။