ပြည်တွင်းဆန်းစျေးနှုန်း စံချိန်တင်မြင့်တက်နေတာဟာ ကောလဟာလနဲ့ စျေးကစားသူများကြောင့်သာဖြစ်ပြီး မကြာခင် ဆန်စျေးပြန်လည်ကျနိုင်ဖွယ်ရှိကြောင်းပြော

ပြည်တွင်းဆန်းစျေးနှုန်း စံချိန်တင်မြင့်တက်နေတာဟာ ကောလဟာလနဲ့ စျေးကစားသူများကြောင့်သာဖြစ်ပြီး မကြာခင် ဆန်စျေးပြန်လည်ကျနိုင်ဖွယ်ရှိကြောင်းပြော

ပြည်တွင်း၌ဆန်ဈေးနှုန်း စံချိန်တင်မြင့်တက်မှုများ ဖြစ်ပွားနေသော်လည်းမြန်မာနိုင်ငံအနေဖြင့်ဆန်နှင့်ပတ်သက်၍ စိုးရိမ်စရာအခြေအနေမရှိကြောင်း၊လက်ကျန် စပါး/ဆန် လုံလုံလောက်လောက်ရှိနေကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ပြည်တွင်းဆန်ဈေးကွက်၌ ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်နေသော်လည်းဆန်ပြတ်လပ်မည်ကိုစိုးရိမ်စရာမလိုသည့်အပြင်ပြည်တွင်း၌ဆန်လုံလောက်မှုရှိကြောင်း၊ စျေးကွက် ဝယ်လိုအား၊ လှောင်လိုအားများ များနေခြင်းတို့ကြောင့်သာယခုလိုဖြစ်နေကြောင်းနှင့်

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုဖြင့်ဆန်စပါးစျေးကွက်တည်ငြိမ်စေရန်နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်နေပြီဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။ “မြန်မာနိုင်ငံအနေနဲ့ကဆန်ကဘယ်လိုမှ စိုးရိမ်စရာမရှိဘူး။ဆန်နဲ့ပတ်သက်ရင်ဖူလုံမှုနဲ့ပိုလျှံမှုကအပြည့်အဝရှိတယ်၊

အစိုးရ- ပုဂ္ဂလိ ပူးပေါင်းမှုဖြင့်လိုအပ်သည်များကိုညှိနှိုင်းစီစဉ်ဆောင်ရွက်နေပြီ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးကစားခြင်း ၊ကောလာဟလသတင်းဖြန့်ခြင်းများအပြင် ဆန်ကုန်သည်အချို့၏ဆန်ဝယ်ယူစုဆောင်းမှုများကြောင့်ဆန်ဈေးနှုန်းများမှာ

အမျိုးအစားနှင့်နေရာဒေသအလိုက် ကျပ် ၁၅၀၀၀ ဝန်းကျင်မှ ကျပ် ၂၀၀၀၀ ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်ဟုကြားသိရသည်။လက်ရှိတွင်ဆန်ဈေးနှုန်းထိန်းချုပ်နိုင်ရန်အစိုးရနှင့်ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်နေပြီးဈေးကစားသူများအား ရှာဖွေဖော်ထုတ်ကာပညာပေးခြင်းနှင့် တိုက်တွန်းစည်းရုံးခြင်းတို့ကိုသာဆောင်ရွက်နိုင်ကြောင်း၊

သို့ရာတွင် ၂၀၂၀ ပြည့်နှစ်ကိုဗစ်စတင်ဖြစ်ချိန်တွင်စားသောက်ကုန်စည်များကိုအရေးကြီးကုန်စည်အဖြစ်သတ်မှတ်ထား၍ဆန်စပါးသည်အရေးကြီးကုန်စည်ဖြစ်နေကြောင်း၊အရေးကြီးကုန်စည် ဥပဒေ နှင့်အရေးယူနိုင်၊မနိုင်ဆိုသောကိစ္စမှာနိုင်ငံတော်အစိုးရ၏သုံးသပ်ရှုမြင်ဆောင်ရွက်မှုအပေါ် မူတည်ပြီး အသင်းအနေဖြင့် စည်းကမ်းလိုက်နာဖို့၊

ဥပဒေ လိုက်နာဖို့ စည်းရုံးခြင်း၊အသိပညာပေးခြင်း၊စျေးကွက်အတွင်းထုတ်ရောင်းပေးခြင်း စသည်တို့ကို ပိုမို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်းပြောသည်။မြန်မာနိုင်ငံအနေဖြင့်ပြည်ပသို့လစဉ်ဆန်တင်ပို့မှု တန်ချိန်(၂)သိန်းဝန်းကျင်ဆောင်ရွက်နေရာလတ်တလောဖြစ်ပေါ်နေသည့် ဆန်ဈေးမတည်ငြိမ်မှုကိုထိန်းညှိနိုင်ရန်

ယခု ဖေဖေါ်ဝါရီလနှင့်လာမည့် မတ်လအတွင်း ဆန်တန်ချိန် (၁) သိန်းခွဲစီ နှင့် နှစ်လပေါင်း တန် (၃) သိန်းသာတင်ပို့ရန် အခြေအနေရှိကြောင်းလည်း သိရသည်။“ဆန်တင်ပို့မှုကနှစ်စဉ်ရည်မှန်းချက် target ထားပြီးလုပ်တာပါ၊ပြည်တွင်းဖူလုံမှုကိုသေချာစွာ တွက်ချက်ပြီးပိုလျှံတာကိုတင်ပို့ခြင်းဖြစ်ပါတယ်။

ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ တန် ၂.၂ သန်း တင်ပို့ဖို့ မှန်းထားခဲ့ပါတယ်၊ဇန်နဝါရီ လကုန်အထိတန် ၁.၉ သန်း တင်ပို့ထားပြီဖြစ်၍ ဘဏ္ဍာနှစ်ကုန်မတ်လကုန် အထိနောက်ထပ် တန် (၃) သိန်းကို ဖေဖော်ဝါရီနဲ့ မတ်လ မှာတင်ပို့ဖို့ စီစဉ်တာပါ” ဟုပြောပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့်လည်းစက်မှုဇုန် စက်ရုံအလုပ်သမားများနှင့်ဝင်ငွေနည်း ဝန်ထမ်းများအားသက်သာသော စျေးဖြင့် ဆန်ဖြန့်ဖြူး ရောင်းချပေးရန် စီစဉ်လျက်ရှိပြီး မကြာမီ ဆန်စျေး ပြန်ကျဆင်းနိုင်သည်ဟု သုံးသပ်ကြောင်း သိရသည်။

Facebook Comments Box