ဧရာဝတီဘဏ်ကိုအများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲမည်

ဧရာဝတီဘဏ်ကိုအများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲမည်

ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ဧရာဝတီဘဏ်ကိုအများနှင့် သက်ဆိုင်သောကုမ္ပဏီ (PCL) အဖြစ်ပြောင်းလဲဖို့ စီစဉ်လျက်ရှိကြောင်းနိုဝင်ဘာ ၁၈ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံပြန်တမ်းအရသိရှိရပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ-၅၈(ခ)အရ ‘‘အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီအဖြစ်မှအများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာမှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီးဖြစ်ပါကြောင်း’’လို့ ပြန်တမ်းမှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် မှတ်ပုံတင်အရာရှိကကုမ္ပဏီရဲ့တင်ပြတဲ့ လျှောက်ထားမှုကိုကျေနပ်လက်ခံပြီးတရားရုံးရဲ့ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိပါကကုမ္ပဏီရဲ့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာအသေးစိတ်အချက်အလက်တွေကိုပြောင်းလဲပေးမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဧရာဝတီဘဏ်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရတည်ထောင်သူနဲ့ ဥက္ကဋ္ဌအဖြစ်ဦးဇော်ဇော်၊ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်စောဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာကုန်ဆုံးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာဘဏ်ရဲ့ ပိုင်ဆိုင်မှုကမြန်မာကျပ်ငွေ (၇) ထရီလီယံလို့ဖော်ပြထားပါတယ်။

Equity က ကျပ် (၃၀၂)ဘီလီယံဖြစ်ပြီးအရင်းအနှီးကကျပ် (၁၄၀) ဘီလီယံဖြစ်ကာဘဏ်ခွဲပေါင်း (၂၆၅) ခု၊ ATM (၇၃၉) ခု၊ ငွေလဲကောင်တာ (၁၆၂) ခုတို့မှာဝန်ထမ်းဦးရေ (၆၀၀၀) ကျော်နဲ့လည်ပတ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ဧရာဝတီဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲပါက ပုဂ္ဂလိကပိုင်ပုံစံမျိုး ရှယ်ယာအရေအတွက် ကန့်သတ်ခြင်းမျိုး မရှိတော့ဘဲ

ပြည်သူလူထုကို ရှယ်ယာကမ်းလှမ်းရောင်းချနိုင်ကာ အစုရှယ်ယာ လွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ကန့်သတ်ထိန်းချုပ်လို့ ရနိုင်တော့မှာ မဟုတ်ပေ။အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲခြင်းကြောင့် အများပြည်သူဆီကရင်းနှီးငွေရရှိနိုင်ပြီးအများပိုင်ဖြစ်ပါကပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တာကြောင့် ရှယ်ယာရှင်တွေရဲ့စိစစ်မှုတွေ၊

မေးမြန်းစုံစမ်းမှုတွေကို ပိုမိုကြုံတွေ့ရနိုင်တဲ့အခြေအနေတွေ ရှိလာမှာပါ။ဧရာဝတီဘဏ်ရဲ့ ရှယ်ယာတွေကို ဦးဇော်ဇော်က(၇၄) ရာခိုင်နှုန်းအထိအများဆုံးပိုင်ဆိုင်ထားပြီးဒေါ်ဌေးဌေးခိုင်က(၁၂.၁၄) ရာခိုင်နှုန်း၊ ဦးစိုးတင့်နဲ့ ဦးအုန်းကျော်တို့က(၄.၅၀) ရာခိုင်နှုန်းစီ၊

ဒေါ်စန်းစန်းနဲ့ ဦးသန်းဇော်တို့က (၂.၄၂၈) ရာခိုင်နှုန်းစီနဲ့ ဒေါ်ခင်စောဦး၊ ဒေါ်ခင်မမနဲ့ ဦးမြင့်ဇော်တို့က (၀.၀၂) ရာခိုင်နှုန်းစီ အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။

Facebook Comments Box