အမှိုက်ကောက်ခဲ့တဲ့မိသားစုမှ ဆင်းသက်လာသူ Miss Universe Thailand 2022 အလှမယ်ပြိုင်ပွဲ မှာ အမြင့်ဆုံးဆုသရဖူဆွတ်ခူးနိုင်ခဲ့

ပြီးခဲ့တဲ့ စနေနေ့ဇူလိုင်လ၃၀ ရက်ကကျင်းပခဲ့တဲ့ Miss Universe Thailand 2022 အလှမယ်ပြိုင်ပွဲမှာ တစ်ချိန်တုန်းကအမှိုက်ကောက်ခဲ့တဲ့မိသားစုကဆင်းသက်လာလို့ Miss Garbage လို့ ခေါ်ခံရတဲ့ မိန်းကလေးဟာအလှမယ်ပြိုင်ပွဲရဲ့အမြင့်ဆုံးသရဖူကိုဆွတ်ခူးရရှိခဲ့တယ်လို့သိရပါတယ်။




နေရှင်နယ်လ် ထိုင်းသတင်းရဲ့ ရေးသားဖော်ပြချက်ထဲ Channel 8 မင်းသမီးလည်း ဖြစ်တဲ့အသက် ၂၃ နှစ်အရွယ်အန်နာဆူအန်ဂန်းအင်းဆို သူဟာ Iconsiam Shopping Mall ရဲ့ True Icon Hall မှာကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံကအလှဆုံး အမျိုးသမီးအလှမယ်ပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။




အဲ့ဒီအလှမယ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သူအလှမယ်မိန်းကလေးပေါင်း ၂၉ ဦးရှိပြီး အဲ့ဒီထဲကမှ ၁၈ ဦးကို ရွေးထုတ်ကာနောက်ဆုံးအဆင့်မှာတော့အလှမယ် ၅ ဦးထဲက Miss Universe Thailand 2022 သရဖူကိုပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။




နောက်ဆုံးအဆင့်မှာတော့အလှမယ်မိန်းကလေးအန်နာဟာယှဉ်ပြိုင်ဘက်အလှမယ်တွေဖြစ်ကြတဲ့ နီကိုးလ် နီလင်စ်နုခန်၊ ခန်ယက်လက် နော့ခူး၊ ဆူချာတာ ချန်စရီနဲ့ ရီနီတာ ဗီရိုနီကာ ပါဂါနိုတို့ကို အနိုင်ရခဲ့ပြီးသရဖူကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Miss Universe Thailand 2022 သရဖူ ဆုရမိန်းကလေးရဲ့အမည်မှာအန်နာဖြစ်ပေမယ့်တခြားသော အလှမယ်တွေလိုမျိုး နိုင်ငံခြားသား မိဘတွေကနေဆင်းသက်လာတာမျိုးမဟုတ်ဘူးလို့လည်းသိရပါတယ်။




အစောပိုင်းတုန်းက Komchadluek Online အင်တာဗျူးတစ်ခုမှာအလှမယ်မိန်းကလေးအန်နာကသူမအနေနဲ့( လု ခရမ်း)ထိုင်းတစ်ဝက်မဟုတ်တာကြောင့်သရဖူကိုဆွတ်ခူးနိုင်မှာမဟုတ်ဘူးလို့ ယေဘုယျထင်ကြေးပေးပြောဆိုခြင်းတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီလို မှတ်ချက်တွေကိုကျွန်မမြင်ပါတယ်။ကျွန်မတို့ရဲ့အဖွဲ့သားတွေကလည်းဒါတွေကိုပြတယ်။ ဒါပေမယ့် ကျွန်မဘာမှမခံစားရပါဘူး။လုပ်နိုင်သမျှကိုအစွမ်းကုန်လုပ်တယ်။ Miss Universe Thailand ရွေးချယ်ဖို့ အတွက် ထိုင်းတစ်ဝက်ဖြစ်ခြင်း မဖြစ်ခြင်းက အဓိက စံနှုန်းမဟုတ်ဘူးလို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အလှမယ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်နဲ့ မေးခွန်းတွေမေးတဲ့အပိုင်းမှာတော့ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ ဒုက္ခရောက်တဲ့သူတွေကိုစိတ်ဓာတ်မြှင့်တင်ပေးဖို့သူမအနေနဲ့ဘာလုပ်ပေးမလဲဆိုတဲ့မေးခွန်းမှာတော့

Miss Universe Thailand 2022 သရဖူဆုရမိန်းကလေးအန်နာက “ စိတ်ပျက်အားငယ်နေရတာရှင်တို့ တစ်ယောက်တည်းမဟုတ်ပါဘူး။ကျွန်မလည်းပဲစိတ်ဓာတ်တွေ ကျခဲ့ဖူးတယ်။လိုက်လျောညီထွေဖြစ်အောင်ရှင်သန်နိုင်ဖို့အခက်အခဲတွေကနေသင်ယူရတယ်။ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့နဲ့ ပြန်တိုက်ပွဲဝင်ဖို့တောင်းဆိုချင်ပါတယ်။ကျွန်မတောင်လုပ်နိုင်တယ်ဆိုရင်ရှင်တို့လည်း လုပ်နိုင်ပါတယ်” လို့ ဖြေကြားပေးခဲ့ပါတယ်။