ပြည်ပမှဝယ်ယူမှုများကြောင့် ပြည်တွင်း ငရုပ်သီးခြောက်စျေး နှစ်ဆလောက်မြင့်တက်

ထိုင်းနိုင်ငံရဲ့ဝယ်လိုအားကြောင့်ပြည်တွင်းငရုပ်သီးခြောက်စျေးတွေကနှစ်ဆလောက်တက်လာတယ်လို့ ငရုတ်ပွဲရုံပိုင်ရှင်တွေဆီကနေသိရပါတယ်။အရင်နှစ်တွေကထိုင်းနိုင်ငံအနေနဲ့ ငရုပ်သီးကိုရံဖန်ရံခါသာ ဝယ်ယူခဲ့ပေမယ့်အခုနှစ်မှာတောက်လျှောက်ဝယ်ယူပြီး




ပြည်တွင်းမှာလည်း ငရုပ်စိုက်ဧကလျော့နည်းချိန်နဲ့ ကြုံကြိုက်သွားတဲ့အတွက်မထင်မှတ်တဲ့စျေးအထိတက်လာခဲ့တာလို့သိရပါတယ်။မုံရွာမှာဆိုရင် ပြီးခဲ့တဲ့ ဇွန်လကငရုပ်တစ်ပိဿာကိုကျပ် ၆၅၀၀ ခန့်သာအမြင့်ဆုံးစျေးရှိခဲ့ပေမယ့်
လက်ရှိ ငရုပ်တစ်ပိဿာ ကျပ်တစ်သောင်းကျော်အထိတရိပ်ရိပ်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးမှာလည်း ငရုပ်သီးခြောက်စျေးဟာ အရင်နှစ်တွေထက်စံချိန်တင်မြင့်တက်နေပြီးငရုပ်သီးခြောက် တစ်ပိဿာကိုအမြင့်ဆုံးစျေးကျပ်၄၅၀၀ခန့်ရှိရာကနေလက်ရှိတစ်ပိဿာကို ကျပ်တစ်သောင်းလောက်ထိစျေးတက်လာတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီကနေသိရပါတယ်။




ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် ဇူလိုင်လ ၁၄ ရက်နေ့ထိပန်းရဲငရုတ်(သစ်)တစ်ပိဿာကိုကျပ် ၈၅၀၀ ရှိရာမှလက်ရှိကျပ် ၉၅၀၀၊ မြှားနီဟင်္သာတ(သစ်) ကျပ်၈၅၀၀ ကနေလက်ရှိ ၁၁၅၀၀ကျပ်တို့ဖြစ်ပေါ်နေပြီး
ယခုလက်ရှိ ပန်းရဲ (သစ်) AC တစ်ပိဿာကို ကျပ် ၁၁၅၀၀ ၊ ကျောက်ဆည် ဒီမွန်တစ်ပိဿာကို ကျပ် ၁၁၅၀၀၊ မြစ်ဝ(ပု) တစ်ပိဿာကို ကျပ် ၁၂၀၀၀ တို့စျေးနှုန်း အသီးသီးရှိနေတယ်လို့ သိရပါတယ်
