ရွှေကုန်ကြမ်းများ ပြည်တွင်းသို့ နိုင်ငံ(၃)နိုင်ငံမှ ရွှေများကိုအဓိကထားတင်သွင်းမည်

ရွှေကုန်ကြမ်းများ ပြည်တွင်းသို့ နိုင်ငံ(၃)နိုင်ငံမှ ရွှေများကိုအဓိကထားတင်သွင်းမည်

ပြည်တွင်းသို့ရွှေကုန်ကြမ်းများတင်သွင်းရာတွင်အာဆီယံနိုင်ငံများအပါအဝင်ဂျပန်၊ကိုရီးယား၊ အိန္ဒိယတို့မှ ရွှေကိုပြည်တွင်းသို့အဓိကတင်သွင်းသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

“ပြည်တွင်းမှာက ပန်းတိမ်လုပ်ငန်းတွေအတွက်ရွှေလိုတာလည်းရှိတယ်။နည်းပညာလိုတာလည်းရှိတယ်။အဲ့ဒီတော့အာဆီယံနိုင်ငံတွေရယ်ဂျပန်၊ကိုရီးယား၊အိန္ဒိယတို့ကနေရွှေကိုအဓိကတင်သွင်းသွားမယ်။

ဒီနိုင်ငံတွေကကျွန်တော်တို့နဲ့ ကုန်သွယ်ရေး အခွန်လွတ်လက်မှတ်ထိုးထားတဲ့နိုင်ငံတွေဖြစ်တော့ အခွန်အခမရှိဘူး။နိုင်ငံခြားကရွှေတင်သွင်းတော့ 3D/ 4D နဲ့လုပ်တဲ့ရွှေတွေ၊ ၉၉ ဒသမ ၉၉ သန့်စင်နိုင်တဲ့နည်းတွေ ရလာမယ်။ကမ္ဘာ့ရွှေစျေးကွက်နဲ့ ပြည်တွင်းရွှေစျေးကွက်ကို ချိတ်ဆက်ချင်တဲ့သဘောပါပဲ။

ရွှေကို Export Import သွားချင်တာပါ။ အခုကိုရီးယားကုမ္ပဏီတစ်ခု၊ နှစ်ခုကတော့ရွှေကိုကုန်ကြမ်းယူလာပြီး ပြည်တွင်းမှာအချောထည်လုပ်ပြီးဟိုကိုပြန်ယူသွားတာမျိုးကုန်ကြမ်းပေးကုန်ချောယူသဘောမျိုး စလုပ်နေပါပြီ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

လက်ရှိတွင်ကမ္ဘာ့ရွှေစျေးတက်နေသည့်အတွက် ပြည်တွင်းသို့ ရွှေကုန်ကြမ်းတင်သွင်းရန်လုပ်ဆောင်နေမှုများကို ရပ်ဆိုင်ထားပြီးဒေါ်လာ ၁၈၀၀ အောက်ကျဆင်းပါကစတင်တင်သွင်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းသည် ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်မှုများနှင့်အတူ သိန်း ၂၀ အထက်အမြင့်ပိုင်းမှာရှိနေသောကြောင့်၀ယ်ယူစုဆောင်းလိုသူများထက်ထုတ်ရောင်းသူကပိုများပြီးအသင်းတွင်ကုန်သည်ရာချီအရောင်းအဝယ်လုပ်ရာမှယခုရက်ပိုင်းဆယ်ဂဏန်းမျှသာအရောင်းအဝယ်ဖြစ်ကြကြောင်းသိရပါတယ်။

YGEA အနေဖြင့် ပြည်တွင်းရွှေစျေးနှုန်း ကစားသူများကို ထိန်းသိမ်းနိုင်ရန်လိုင်စင်များကိုလုပ်ဆောင်စေလျက်ရှိပြီးနယ်စပ်ဖြတ်ကျော်ရောင်းသူများနှင့်လမ်းဘေးလေပတ်ကားရောင်းသူများမရှိတော့သည့်အတွက်ကမ္ဘာ့ရွှေစျေးအပြောင်းအလဲကြောင့်သာပြည်တွင်းရွှေစျေးနှုန်းအတက်အကျရှိတော့ကြောင်းဆိုပါတယ်။

ယနေ့ ဇွန် ၁၆ ရက်နေ့တွင် ပြည်တွင်းရွှေစျေးနှုန်းအနေဖြင့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၀၅၅၀၀၀ ရှိပြီးကမ္ဘာ့ရွှေစျေးနှုန်းကတော့တစ်အောင်စကို ၁၈၃၁ ဒေါ်လာမှာရှိနေကြောင်း YGEA အသင်းကထုတ်ပြန်ထားပါတယ်။

ပြင်ပပေါက်စျေးအနေနဲ့ ယနေ့နံနက် (၁၀:၀၀)နာရီ မှာအကယ်ဒမီအခေါက်ရွှေစျေး မှာ −၂၀၆၀၀၀၀ကျပ် နှင့် ၁၅ပဲရည် ရောင်းစျေးမှာ ၁၉၃၈၈၀၀ ကျပ်ဖြင့် အောင်သမာဓိရွှေဆိုင်မှ အရောင်းဖွင့်ထားတာပဲဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *