အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မယ့် သတင်းကြောင့် ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်းနေတယ်လို့ သိရ

အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မယ့် သတင်းကြောင့် ဒေါ်လာအရောင်းအဝယ် ယာယီရပ်ဆိုင်းနေတယ်လို့ သိရ

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းက ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အခုလို MFTB နဲ့ MICB ဘဏ်တို့ကို ဒဏ်ခတ် အရေးယူမှုကြောင့် အမေရိကန်နဲ့ ဆက်နွယ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ အဲ့ဒီ့ဘဏ်တွေနဲ့ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း ပြုလုပ်လို့ မရနိုင်တော့‌ဘူးလို့ သိရပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မနေ့ ဇွန် ၂၀ မှာ စတင်မယ်လို့ သံတမန်သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ထုတ်လွှင့်ခဲ့တာကြောင့် မြန်မာ့စီးပွားရေးတစ်ခုလုံး အကြီးအကျယ် ထိခိုက်သက်ရောက်နိုင်ကာ ဒေါ်လာတန်ဖိုး တဟုန်ထိုး မြင့်တက်လာနိုင်ဖွယ်ရှိနေတာကြောင့် ဒေါ်လာအရောင်းအဝယ်တွေ ယာယီရပ်ဆိုင်းကုန်တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်မှာတော့ အခုလို ပိတ်ဆို့အရေးယူမှု အသစ်တွေဟာ နစကဆီကို နိုင်ငံခြားငွေဝင်ရောက်မှု ကန့်သတ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ စစ်ရေးဆင်နွှဲနိုင်တဲ့ စွမ်းရည်တွေကို လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒီသတင်းတွေကြောင့် ပြည်တွင်းက အမေရိကန်ဒေါ်လာ ငွေလဲနှုန်းစျေးကွက်မှာ အရောင်းမရှိဘဲ အဝယ်သာရှိနေပြီး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ကျော်အထိ ခေါ် စျေးရှိနေတယ်လို့ သိရပါတယ်။