အဆမတန်မြင့်တက်နေတဲ့ လက်ရှိရွှေစျေး၊ ဒေါ်လာစျေး၊ ပြည်တွင်း စားသုံးကုန်စျေးကွက်အခြေအနေ

အဆမတန်မြင့်တက်နေတဲ့ လက်ရှိရွှေစျေး၊ ဒေါ်လာစျေး၊ ပြည်တွင်း စားသုံးကုန်စျေးကွက်အခြေအနေ

စင်္ကာပူထိပ်သီးဘဏ် တစ်ခုဖြစ်တဲ့ United Oversea Bank (UOB) က မြန်မာပြည်အခြေစိုက် ဘဏ်လုပ်ငန်းတွေနဲ့ ဆက်နွယ်ပတ်သက်နေတာတွေကို ဖြတ်တောက်သွားမှာဖြစ်တယ်လို့

ထုတ်ပြန်အသိပေးလိုက်တဲ့အတွက် ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြားငွေလဲ‌​နှုန်းနဲ့ ရွှေစျေးနှုန်းတွေ အဆမတန်မြင့်တက်သွားခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် ဩဂုတ်လ (၁၀) ရက် မနေ့ကစတင်ပြီး ပြည်တွင်းငွေလဲဈေးကွက်မှာ ငွေလဲဈေးနှုန်းတွေဟာ ချက်ချင်းဆိုသလို အဆမတန်မြင့်တက်သွားခဲ့ပြီး ငွေလဲကောင်တာအချို့ဟာ အရောင်းရပ်နားထားခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာလည်း အကန့်အသတ်နဲ့သာ အရောင်းအဝယ်ပြုလုပ်ခဲ့ကြတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောဆိုထားပါတယ်။

ဒေါ်လာဈေးအဆမတန် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာလည်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၁၁ ရက် ယနေ့ စက်သုံးဆီစျေးနှုန်းတွေကတော့ ရန်ကုန်စျေးကွက်အတွင်း ၉၂ တစ်လီတာ 2310 ကျပ်၊ ၉၅ တစ်လီတာ 2420 ကျပ်၊ ဒီဇယ်တစ်လီတာ 2500 ကျပ်နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာ 2575 ကျပ်ထိမြင့်တက်သွားခဲ့တာ တွေ့ရပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ ပြည်တွင်း ရွှေဈေးနှုန်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သား ၃၇၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ညနေ စျေးကွက်ပိတ်ချိန်မှာတော့ 3675000 ကျပ်ဖြင့် စျေးကွက်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

ငွေလဲနှုန်းတွေအနေနဲ့ကတော့ ယနေ့ ဩဂုတ်လ (၁၁) ရက် နေ့လယ်ပိုင်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ၃၆၀၀ ကျပ်၊

ထိုင်းတစ်ဘတ်လျှင် ၁၀၀ ကျပ်၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၄၈၉ ကျပ်၊ မလေးရှားရင်းဂစ် တစ်ရင်းဂစ်လျှင် ၇၆၅ ကျပ်နှင့် ဂျပန်တစ်ယန်းလျှင် ၂၄.၂၄ ကျပ်တို့ ဖြစ်တယ်လို့ ပြင်ပငွေလဲလှယ်ရေးစျေးကွက်မှ သိရပါတယ်။

ယခုလို ဒေါ်လာစျေး၊ ရွှေစျေးနှုန်းတွေ မြင့်တက်လာခဲ့တဲ့အတွက် ပြည်တွင်း စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းစျေးနှုန်းတွေမှာလည်း ထပ်မံမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။

ပြည်တွင်း ဆန်စျေးနှုန်းမှာဆိုရင်လည်း ဩဂုတ်လ (၁၁) ရက်ယနေ့မှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၂၅၀၀၀ ကနေ ၁၃၅၀၀၀ ကျပ်ထိမြင့်တက်နေပြီးပေါ်ကျွဲတစ်အိတ် ၈၈၀၀၀ ကျပ်နဲ့ ရက် ၉၀ တစ်အိတ် ၈၀၀၀၀ ကျပ်ထိ အဆမတန်မြင့်တက်လာနေတာ ဖြစ်ပါတယ်။