ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာပွဲ ၂၀၀ ပထမဆုံးပြည့်တဲ့ အမျိုးသားကစားသမားစံချိန် စီရော်နယ်ဒို ရရှိ

ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာပွဲ ၂၀၀ ပထမဆုံးပြည့်တဲ့ အမျိုးသားကစားသမားစံချိန် စီရော်နယ်ဒို ရရှိ

အသက်(၃၈)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ အိုက်စလန်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပွဲထွက်ကစားပြီးနောက် ထူးခြားစံချိန်တစ်ခု ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာပွဲ ၂၀၀ ပြည့်သွားတဲ့ ပထမဆုံးအမျိုးသားကစားသမားစံချိန်ကိုရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့စံချိန်တင်ဂင်းနစ်က ဂုဏ်ပြုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်က ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ စတင်ကစားခဲ့သူဖြစ်ပြီး ၂၁ နှစ်အတွင်း ပွဲ ၂၀၀ ပြည့်မှတ်တိုင် စိုက်ထူနိုင်ခဲ့တာပါ။ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ တစ်လုံးတည်းသောအနိုင်ဂိုးကို ၈၉ မိနစ်မှာ သွင်းယူနိုင်ခဲ့တာကြောင့် သူ့အတွက် ထူးခြားကောင်းမွန်တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။

” ကျွန်တော် အရမ်းဝမ်းသာပါတယ်။ လက်ရွေးစင်အသင်းနဲ့ ပွဲ ၂၀၀ ပြည့်ဖို့က ဘယ်တော့မှ မမျှော်လင့်ထားတဲ့ အခိုက်အတန့်ပါ။ ဒါက မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အနိုင်ဂိုးပါသွင်းနိုင်ခဲ့တာကြောင့် ပိုပြီးထူးခြားခဲ့တယ်” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာသွင်းဂိုးအများဆုံး(အမျိုးသား) စံချိန်ရှင်လည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားပြီးနောက် မတူညီတဲ့ ကမ္ဘာ့ဖလား ၅ ရပ် ကစားနိုင်တဲ့ ပထမဆုံးကစားသမားစံချိန်လည်း ရရှိပြီးသားပါ။

ရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ် သြဂုတ် ၂၀ ရက်က ကာဇက်စတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူးဝစ်ဖီဂိုရဲ့နေရာ အစားဝင်ကာ ပထမဆုံးကစားခွင့်ရခဲ့ပါတယ်။

သူဟာ ကစားသမားဘဝမှာ ဘော်လွန်းဒီအော်ဆုကို ၅ ကြိမ်ဆွတ်ခူးထားပြီး တစ်ဦးချင်းစံချိန်တွေများစွာ ရယူထားပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်